ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပတဲ့ ၂၄ ကြိမ်မြောက် ၂၀၂၃ ဗီယက်နမ်အိုးပင်း ကြက်တောင်ပြိုင်ပွဲ ၁၆ ဦးအဆင့်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ အိန္ဒိယကြက်တောင်မယ် အဒီတီဘဟ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ယူပြီး နောက်တဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၅၀ ရှိတဲ့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၈၅ ရှိတဲ့ အိန္ဒိယကြက်တောင်မယ်ကို ၂၁-၁၄၊ ၂၃-၂၁ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
သက်ထားသူဇာဟာ ကွာတားဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့် ၁၀၅ ရှိတဲ့ ဂျပန်ကြက်တောင်မယ် ရှီအိုရီဆိုင်တိုနဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ယဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဗီယက်နမ်အိုးပင်း ကြက်တောင်ပြိုင်ပွဲဟာ သက်ထားသူဇာအတွက် ၁၆ ခုမြောက် ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး မောရစ်သျှ ကြက်တောင်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ရရှိခဲ့သလို မြန်မာအသင်းနဲ့အတူ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းနှစ်ယောက်တွဲ mix team ပြိုင်ပွဲမှာလည်း ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။
၂၀၂၃ ဗီယက်နမ်အိုးပင်း ကြက်တောင်ပြိုင်ပွဲဟာ ဗီယက်နမ်ကြက်တောင်အသင်းက ဦးစီးကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး ဆုကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
Photo-Thet Htar Thuzar Facebook