Home
မြန်မာသတင်း
ကွီးလုံတိုင်တပ်စခန်းကို စစ်ကောင်စီတပ်က စစ်ကူသွားရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲဖြစ်နိုင်
DVB
·
September 15, 2023
377869374_1389967405196862_7815013426479235517_n

မြန်မာ-ထိုင်းနယ်စပ် လေးတော်ခိုရွာအနီး တပ်စွဲလှုပ်ရှားနေတဲ့  စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်ရှိ ကွီးလုံတိုင်တပ်စခန်းဆီကို စစ်ကူသွားရောက်ဖို့ ကြိုးစားနေတာကြောင့်  နယ်မြေခံ  KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့  KNLA တပ်မှူးက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် ကစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၆ နယ်မြေနဲ့ ကပ်နေတဲ့ လေးတော်ခို့ကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံတပ်  ခမရ ၅၅၇၊ ခမရ ၅၆၁၊ ခမရ ၃၃၉ တပ်တွေ ပူးပေါင်း အင်အား ၈၀ လောက် ကျူးကျော်ဝင်ရောက် တပ်စွဲနေခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရိက္ခာပြတ်လပ်တာကြောင့် ထိုင်းနိုင်ငံ ဘက်ခြမ်းကို ကျူးကျော်ဝင်ရောက်ပြီး လေးတော်ခို့ကျေးရွာအနီးဝန်းကျင်ကို ဝင်ရောက်တပ်စွဲလှုပ်ရှားနေရာက ထိုင်းပြည်သူတွေ ကန့်ကွက်တာကြောင့် မြန်မာဘက်ခြမ်း ထီးမော်ထကျေးရွာအနီးမှာ  ပြောင်းရွှေ့တပ်စွဲနေပါတယ်။

အခုတော့ ကရင်ပြည်နယ် ကျိုက်ဒုံမြိုနယ်ခွဲမှာရှိတဲ့ စစ်ကောင်စီ ခမရ ၃၃၉ ရဲ့အခြေစိုက်စခန်းတခုဖြစ်တဲ့ ကွီးလုံတိုင် စခန်းကို စစ်ကူပို့နိုင်ဖို့ ကြိုးစားနေတယ်လို့  KNLA တပ်မဟာ ၆ တပ်မှူးတစ်ဦးက ပြောပါတယ်။

"အဲဒီစစ်ကြောင်းက ကွီးလုံတိုင်စခန်းကို စစ်ကူသွားရောက်ဖို့က ပြင်းပြင်းထန်ထန် သူတို့အထက်က မောင်းနေတယ်။ ဒါကို သူတို့ကမဖြစ်မနေ ရောက်အောင်သွားရမှာပဲ။ ဒီကတော်လှန်ရေးတပ်မတော်သားတွေကလည်း အသင့်စောင့်နေတာရှိတယ်။ သွားရင်တော့ တိုက်ပွဲကဖြစ်မှာတော့ သေချာတယ်။”

စစ်ကောင်စီစစ်ကြောင်းက နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်လှုပ်ရှားနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြုံရေး တိုးမြှင့်လုပ်ဆောင်နေပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမကြီးအနီး တညင်ကျေးရွာအနားမှာ စစ်ကောင်စီတပ်တွေနဲ့  KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ခလယ်၊ တံခွန်တိုင်ကျေးရွာ အနီးမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ နယ်မြေခံ KNLA တာဝန်ရှိသူက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကပါတိုက်ခိုက်ခဲ့တာကြောင့် ခလယ်၊ တံခွန်တိုင်၊ ခလယ်ရွာလေး၊ မြို့ဟောင်းစတဲ့အနီးဝန်းကျင်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျေးရွာအတွင်း ပိတ်မိနေသူတွေလည်း ကျန်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024