မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် အမှတ် ၅၈၃ နဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်း ၂ ခုကို ဒေါနစစ်ကြောင်းနဲ့ ရေးမြို့နယ်အခြေစိုက် မွန်တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာ ၁၃ ရက်မှာ ဒေါနစစ်ကြောင်းနဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့က သတင်းထုတ်ပြန်ပါတယ်။
“ရန်သူတပ်နဲ့ အနီးစပ်ဆုံးဖြစ်အောင် တပ်ရင်း ၂ ခုစလုံးကို တပြိုင်တည်း လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာပါ” လို့ MSRF တာဝန်ခံက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုမှာ ၁၅ မိနစ်ဝန်းကျင် ကြာခဲ့ပြီး ထိခိုက်မှုအနေနဲ့ ခမရ ၅၈၃ မှာ ဒုဗိုလ်၊ ဒုတပ်ကြပ်၊ ရဲဘော်တဦးနဲ့ အိမ်ထောင်သည်အမျိုးသမီးတဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရတယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ခမရ ၅၉၁ မှာတော့ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး မဟာမိတ်အင်အားစုတွေ ဘက်က ထိခိုက်မှုမရှိပေမဲ့ ကျောင်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၆ ဦး မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ MSRF က ဆိုပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ တပ်ရင်းတွေဟာ စကခ ၁၉ ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်တွေဖြစ်ပြီး စက်တင်ဘာလဝက်အတွင်းမှာ စကခ ၁၉ လက်အောက်ရှိ တပ်တွေ တိုက်ခိုက်ခံနေရတာ ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
ခမရ ၅၈၃ နဲ့ ခမရ ၅၉၁ ပစ်ခတ်တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း၊ MSRF၊ MSRO၊ YDF၊ YAF၊ YGF၊ ABSDF တပ်ရင်း-၁ နဲ့ KNLA တပ်ရင်း-၂၇ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။