Home
မြန်မာသတင်း
LPDF အဖွဲ့ငယ်လေးများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာ  
DVB
·
September 14, 2023
LPDF

စစ်တပ်က အာဏာသိမ်းအပြီး ၂၀၂၁ နှစ်ဆန်းပိုင်းလောက်တည်းကစလို့ မြန်မာပြည်အနှံ့အပြားမှာ PDF တပ်ဖွဲ့တွေ အများအပြားပေါ်ပေါက်လာရာမှာ အဲဒီထဲက LPDF လို့ခေါ်တဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ငယ်လေးတွေဟာ တော်လှန်ရေး ၂ နှစ်ကျော်ကြာလာတဲ့အခါမှာ ဆက်လက် ရပ်တည်ရေးအတွက်  ကြိုးစားရုန်းကန်နေရပါတယ်။

လက်ရှိပြည်တွင်းမှာ ကျပ်ငွေတန်းဖိုးထိုးကျ၊ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်လာတဲ့ ဒဏ်ကို သာမန်အရပ်သားတွေတင်မကပဲ LPDF တွေပါရင်ဆိုင်နေရတာပါ။ ဒါ့အပြင် ဒေါ်လာဈေးတက်မှုနဲ့အတူ လက်နက်ဈေးနှုန်းတွေလည်း ထိုးတက်နေပြီး ကျည်ဆန်ဈေးနှုန်းဆိုရင် ၂ နှစ်အတွင်း ၂ ဆကျော်အထိ ဈေးနှုန်းမြင့်တက်မှုတွေရှိနေတဲ့အတွက် တိုက်ပွဲ ဖော်ဆောင်နိုင်မှုတွေလည်း အရင်တုန်းကလောက် မပြုလုပ်နိုင်တော့ဘူးလို့  LPDF အဖွဲ့က ပြောပါတယ်။

မြင်းခြံခရိုင်ထဲက LPDF အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ Myingyan Black Tiger (MBT)မှ ဗိုလ်မိုက်ခဲက “အရင်တုန်းက မခက်ခဲတဲ့အရာပေါ့၊ စား၊ ဝတ်၊ နေ၊ ရေးတွေ အခုဆိုရင် အတော်လေး ခက်ခဲလာပြီ။ ကျနော်တို့ကို ယုံကြည်တဲ့သူတွေဆီက ချေးငှားပြီး ဖြေရှင်းရတာရှိတယ်။ ကျနော်တို့ လက်ဝတ်လက်စားတွေ ရောင်းပြီးဖြေရှင်းရတာရှိတယ်။  တခြား ကျနော်တို့နဲ့ ရင်းနှီးတဲ့ LPDF တွေဆိုရင် မြင်တွေ့နေရတဲ့အတိုင်းအတာအထိ၊ သူတို့ဆိုရင် တိုက်ပွဲရှိရင် လိုက်တိုက်တယ်။ ပုံမှန်ဆိုရင် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ပြန်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတာရှိတယ်။ တချို့ဆိုရင် တနိုင်တပိုင် စခန်းထဲ စားစရာ၊ သောက်စရာတွေ စိုက်ပျိုးပြီး ရပ်တည်နေရတဲ့သူလည်း ရှိပါတယ်။ အမျိုးမျိုးပေါ့။ ရပ်တည်မှုတွေရှိပါတယ်”လို့ ပြောပါတယ်။ 

MBT အဖွဲ့ တည်ထောင်သူ ဗိုလ်မိုက်ခဲဟာ တအာင်းဒေသမှာ စစ်သင်တန်း ၂ လ တက်ရောက်ခဲ့ပြီးနောက် လအတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၂၁ ခုနှစ် ၈ လပိုင်းလောက်မှာ စစ်ကောင်စီကို တွန်းလှန်ဖို့ အညာဒေသကို ပြန်လာပြီး Myingyan Black Tiger (MBT) အဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ် ပါတယ်။

ဗိုလ်မိုက်ခဲက “ကျနော်တို့ စစ်ပညာသင်ယူပြီးတဲ့အချိန်မှာ အညာဒေသကို ပြန်တိုက်ချင်တဲ့ စိတ်ကူးဖြစ်ပေါ်လာပါတယ်။ အဲ့အတွက် Myingyan Tiger Black ဆိုပြီး အဖွဲ့စထောင်လိုက်တယ်။ လိုင်းပေါ်ကနေ စထောင်တယ်။ ထောင်ပြီးတဲ့အချိန် မြင်းခြံက ကျနော့် သူငယ်ချင်းတွေ၊ ဘကြီးတွေနဲ့ချိတ်ပေါ့နော့်။ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေနဲ့ချိတ်ပြီး ကျနော်ပြန်လာမယ်။ အဖွဲ့အစည်းဖွဲ့မယ်ဆိုပြီး။ TNLA မှာရှိတဲ့ ကျနော့် သူငယ်ချင်း ၄ ယောက်၊ ကျနော်အပါအဝင် ၅ ယောက်ဖြစ်မှာပေါ့။ မြင်းခြံက ၂ ယောက်ရယ်၊ စုစုပေါင်း ၇ ယောက်နဲ့ စပြီးအကောင်အထည်ဖော်ခဲ့တာပေါ့”လို့ ပြောပါတယ်။

စစ်သင်တန်းသွားတက်တုန်းကတော့ မောင်းပြန်တွေကိုင်ခဲ့ရပေမယ့် ထောက်ပံ့ငွေ ၃၀,၀၀၀ ကျပ်နဲ့ MBT  အဖွဲ့ကိုစထောင်တော့ တိုက်ခိုက်ဖို့ထက်  စားနပ်ရိက္ခာရရှိဖို့ကိုတောင် အတော်လေး ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။

LPDF တွေဟာ မြန်မာနိုင်ငံထဲက တိုင်းနဲ့ ပြည်နယ်အနှံ့မှာ တကွဲတပြား တည်ရှိနေကြတာဖြစ်ပြီး ဒီလိုမျိုး အခက်အခဲတွေကြောင့် တချို့အဖွဲ့တွေဆိုရင် ၂ နှစ်ကျော်အတွင်းမှာပဲ ပျောက်ကွယ်သွားရတာတွေလည်း ရှိနေတာပါ။

အဲဒီအထဲမှာ ဘုတလင်မြို့နယ်အခြေစိုက် သွေးကြွေး - LPDF အဖွဲ့လည်းအပါအဝင်ပါ။ သွေးကြွေးအဖွဲ့ကို  အဖွဲ့ဝင် ၅၀ လောက်နဲ့ ၂၀၂၁ ခုနှစ်တုန်းက စတင်တည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အရောက်မှာတော့ ရပ်တည်ဖို့ခက်ခဲတာကြောင့် ရပ်နားထားရတယ်လို့ ဆိုပါတယ်။

သွေးကြွေးအဖွဲ့ တာဝန်ရှိသူက “လက်နက်ကိုယ့်ဘက်က မတပ်ဆင်ပေးနိုင်တာရော၊ စခန်းဝင်စီး ခံရတဲ့အချိန် (၂၀၂၂ ခုနှစ်၊ ၈ လပိုင်း) မှာ ကိုယ့်ဘက်က တစ်ယောက်ကျသွားတဲ့အချိန်မှာကျတော့ ပြောရရင် တချို့အဖွဲ့ဝင်တွေက အလုပ်ထွက်လုပ်ကြတယ်။ ထိုင်းတို့၊ မလေးရှားတို့ ဘာတို့ ထွက်သွားတာ ရှိတယ်။ ရန်ကုန်၊ မန္တလေးဘက်သွားတာလည်း ရှိတယ်”လို့ ပြောပါတယ်။

ဒီဗွီဘီက မေးမြန်းခွင့်ရခဲ့တဲ့ LPDF တပ်ဖွဲ့တာဝန်ရှိသူတွေ ဖြေကြားချက်တွေထဲမှာ တူညီတာတစ်ခုက မြို့နယ်တိုင်းမှာ ဖျက်သိမ်း၊ ဒါမှမဟုတ် ရပ်ဆိုင်းထားရတဲ့ PDF အဖွဲ့တွေရှိနေပါတယ်။

သွေးကြွေး-LPDF အဖွဲ့လိုမျိုး အဖွဲ့ပျက်မသွားပေမယ့် အင်အားနည်းသွားပြီး မစ်ရှင် မဖော်ဆောင်နိုင်တော့တဲ့ အဖွဲ့တွေပါ ထည့်တွက်မယ်ဆိုရင် LPDF စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံလောက်က ရပ်ဆိုင်းလုနီးပါးတွေ ဖြစ်နေကြပြီလို့ ဆိုပါတယ်။

မန္တလေးတိုင်းအခြေစိုက် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဒို့ညီနောင်-Local PDF က တပ်သားတွေ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းက ကောက်စိုက်ပြီး ရန်ပုံငွေရှာခဲ့ကြဖူးပြီး  Facebook ပေါ်မှာ ဖွင့်ထားတဲ့ သူတို့အဖွဲ့ရဲ့ ကူညီထောက်ပံ့ရေးအသင်း Page ဟာလည်း ၂၀၂၂ ခုနှစ်ထဲမှာပဲ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားတဲ့ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကတော့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ EAO ရဲ့ စစ်ရေးလေ့ကျင့်သင်ကြားပေးမှုနဲ့အတူ အကူအညီအထောက်အပံ့တွေရရှိတာ ရှိပါတယ်။

ဒေသအခြေစိုက်  LPDF တချို့ဟာလည်း NUG ရဲ့ အသိအမှတ်ပြုမှုကိုရရှိပြီး စားနပ်ရိက္ခာ၊ လက်နက်ထောက်ပံ့မှုတွေ ရရှိထားတဲ့တချို့အဖွဲ့တွေလည်း ရှိနေပါတယ်။ 

စဉ့်ကိုင်- LPDF ဖြစ်ခဲ့တဲ့ Sintkaing Revolution Force – SRF ကတော့ ၂၀၂၃ ခုနှစ်၊ ၅ လပိုင်းမှာ NUG လက်အောက်ကို ရောက်ရှိလာခဲ့ပြီး လွတ်မြောက်နေရာတနေရာမှာ ပြောင်းလဲ အခြေစိုက်နေပါတယ်။

စဉ့်ကိုင်  SRF အဖွဲ့ရဲ့ ပြောခွင့်ရသူ အမျိုးသမီး တော်လှန်ရေးရဲမေတဦးဖြစ်တဲ့ Te Fiti က “အရင် Local PDF စဉ့်ကိုင် အနေနဲ့တုန်းကတော့ အများသောအားဖြင့် ဒေသအတွင်းမှာ လုပ်တယ်ပေါ့နော်။ မြို့တွင်းမှာ သွားလုပ်ရတာဖြစ်လို့ ကလေးတွေမှာ အထိအခိုက်၊ အကျအဆုံးတွေ များတယ်ပေါ့နော်။ ပြီးတော့ လက်နက်ခဲယမ်း ဆုံးရှုံးမှုတွေ များတယ်။ အခု MOD COC နဲ့ချိတ်ဆက်ပြီးတဲ့ နောက်ပိုင်းမှာကျတော့ တခြားမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့သွားတာမျိုး။ အခုနောက်ပိုင်းကတော့ ကိုယ့်ရဲ့ ဒေသအတွက်ပဲ သွားတာမျိုး မဟုတ်ဘဲနဲ့ကို ကိုယ်ရောက်နေတဲ့နေရာကနေ ဘယ်လိုမြို့တွင်းကို ပြန်ဝင်ရမလဲဆိုတဲ့ စစ်ပုံစံမျိုးနဲ့သွားတာ ဖြစ်ပါတယ်ရှင့်။”

SRF အဖွဲ့ဆိုရင်လည်း အရင်နှစ်တွေအတွင်း စခန်းအသိမ်းခံခဲ့ရပြီး အဖွဲ့ဝင် ၄၀ ဝန်းကျင်အထိ ဆုံးရှုံးခဲ့ရတာတွေ ရှိခဲ့တယ်လို့ ပြောခွင့်ရသူကဆိုပါတယ်။

LPDF တုန်းကနဲ့စာရင် အဖွဲ့ဆက်လက် ရပ်တည်ရေးအတွက် မပူပန်ရတော့ဘူးလို့ ပြောလို့ရပေမဲ့ တိုက်ပွဲမရှိတဲ့အချိန်တွေမှာဆို SRF တပ်ဖွဲ့ဝင်တွေလည်း တပ်ဖွဲ့ရိက္ခာနဲ့ ကျည်ဆန် ဖိုးရရှိရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့အခြေအနေရှိနေဆဲလို့ပြောပါတယ်။

တော်လှန်ရေးရဲမေတဦးဖြစ်တဲ့ Te Fiti က “စဉ့်ကိုင်မြို့အပါအဝင် တိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ကလည်း ကျမတို့ကတော့ ကျမတို့အသက်တွေကို ပဓာနမထားဘဲ ပေးဆပ်နေတယ်။ သူတို့ကလည်း ကျမတို့ကို တစ်ချက်လောက်တော့ ပြန်လှည့်ကြည့်ကြပါဦးလို့။ ဒီတိုင်းပစ်ထားဖို့တော့ အဲဒီလောက်ထိ အသည်းမမာကြပါနဲ့လို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

သွေးကြွေးအဖွဲ့ တာဝန်ရှိသူကလည်း အဖွဲ့ရပ်နားထားရပေမယ့် PDF တပ်ရင်းတွေမှာမရှိတဲ့ Local PDF တွေရဲ့ နယ်မြေကျွမ်းကျင်မှုကိုအသုံချပြီး မိမိနယ်မြေထဲဝင်လာတဲ့ စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တပြည်လုံးမှာ PDF တပ်ရင်း  ၂၅၉  ရင်း ဖွဲ့စည်းထားပြီး LDF ပြောက်ကျားတပ်ဖွဲ့  ၄၀၁ ဖွဲ့ ရှိနေပြီလို့ မနှစ်က ဧပြီလမှာ ပြောပါတယ် ။ 

LPDF တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ NUG ရဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးပြောခွင့်ရသူတွေဆီ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

တော်လှန်ရေးကာလ ၂ နှစ်ကျော်လာတဲ့အထိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်မမိသေးတဲ့  ဒေသခြေစိုက် LPDF အဖွဲ့တွေ များစွာရှိနေ ပါတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024