ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ ‘ဝေယံ’ လက်ဖက်ရည်ဆိုင်မှာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီခွဲက ရဲအုပ်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းဖြစ်သူတွေနဲ့ ထိုင်နေတဲ့ ရဲအုပ်တဦးကို အမည်မသိ လူငယ်နှစ်ဦးက ပန်းစည်းလက်ဆောင်ပေးပြီး ပန်းစည်းလက်ခံနေစဥ် နောက်တဦးက သေနတ်နဲ့ ပစ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“တယောက်က ပန်းစည်းပေးတယ်။ ယူနေတဲ့အချိန် တယောက်က သေနတ်နဲ့ပစ်တယ်။ သုံးချက်ပစ်ပြီး ထွက်ပြေးသွားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် ရဲအုပ်နဲ့အတူ ပါလာသူတွေက လူနာတင်ယာဥ်ကို ဖုန်းဆက်ကာ စစ်ကောင်စီတပ်ကားတွေရောက်လာပြီး မင်္ဂလာဒုံစစ်ဆေးရုံကို ပို့လိုက်ပေမဲ့ ၃ နာရီမှာ ဆုံးသွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူက ပြန်ရောက်လာတာ မကြာသေးဘူး။ ရဲအုပ်ဆိုတာတော့ ဟုတ်တယ်။ ရွှေပြည်သာစခန်းက မဟုတ်ဘူး။”
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ရဲအုပ်အောင်သက်ထွေးဖြစ်ပြီး ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ထောက်ပို့ဌာနကနေ ဒုရဲမှူးရာထူးတိုးစာမေးပွဲဖြေပြီး နေအိမ်ပြန်ရောက်လာတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လတ်တလောမှာ ရွှေပြည်သာမြို့နယ်၊ ၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနဲ့ ကမ္ဘောဇပန်းခြံလမ်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။