ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပြည်သူပိုင်တက္ကသိုလ်အတွင်း အသစ်ဆောက်လုပ်နေတဲ့ ၄ ထပ်တိုက်မှာ စက်တင်ဘာ ၁၀ ရက်က ကရိန်းပြိုကျလို့ ထိုင်းအင်ဂျင်နီယာတယောက် သေဆုံးပြီး မြန်မာအလုပ်သမား နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတခုဖြစ်တဲ့ The Thaiger မှာ ဖော်ပြထားပါတယ်။
သောင်အောရဲစခန်း တာဝန်ရှိသူတွေက ကယ်ဆယ်ရေးသမားတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့အတူ အခင်းဖြစ်ပွားရာနေရာကို အမြန်သွားရောက်ပြီး စစ်ဆေးခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးချက်အရ ကရိန်းဟာ မြေညီထပ်မှ ဘိလပ်မြေသယ်ရာမှာ တတိယအထပ် လသာဆောင်ပေါ်ကို ကေဘယ်ကြိုး ရုတ်တရက်ပြတ်တောက်သွားပြီး ပြိုကျခဲ့ကာ ကရိန်းမောင်းသူကတော့ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေးသွားခဲ့ပါတယ်။
လသာဆောင်မှာ အသက် ၃၈ နှစ်အရွယ် ထိုင်းအင်ဂျင်နီယာ ရတ်တာနာအာဖာပေါ်ကို ကရိန်းပိမိနေတာကြောင့် ကယ်ဆယ်ရေးသမားတွေက ကရိန်းအောက်ကနေ ကယ်ထုတ်ပြီး အရေးပေါ် အသက်ကယ်နည်းတွေနဲ့ ကယ်ဆယ်ခဲ့ပေမဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
အဆိုပါဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ ထိုင်းအမျိုးသားတယောက်နဲ့ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအလုပ်သမား နှစ်ယောက်အတွက် နစ်နာကြေးရရှိဖို့ အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကလည်း ထိုင်းတံတားတည်ဆောက်ရေး လုပ်ငန်းခွင်က ကရိန်းတခုမှာ သတ္တုပြားပြုတ်ကြပြီး ထိုင်းအမျိုးသားတယောက် သေဆုံးခဲ့သလို မြန်မာအလုပ်သမား နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Source/Photo-The Thaiger