ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်ရှိ ၉ ထပ်တိုက် အဆောက်အအုံမှာ မီးလောင်မှုကြောင့် လူအများအပြား သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း တရားဝင်သတင်းအေဂျင်စီက စက်တင်ဘာ ၁၃ ရက်မှာ ပြောကြားလိုက်ပြီး သေဆုံးသူအရေအတွက်ကို အာဏာပိုင်တွေက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
နိုင်ငံတကာသတင်းတွေမှာတော့ မီးလောင်မှုကြောင့် အနည်းဆုံးလူ ၁၀ ယောက်ကျော်သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရတယ်လို့ ရေးသားဖော်ပြကြပါတယ်။
နေထိုင်သူပေါင်း ၁၅၀ လောက် ရှိတဲ့ အဲဒီအဆောက်အအုံမှာ ညဉ့်သန်းခေါင်အချိန် မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် ဒေသစံတော်ချိန် မနက် ၂ နာရီမှာ မီးထိန်းနိုင်ခဲ့ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီ (VNA) က ပြောပါတယ်။
ရုပ်မြင်သံကြားမှာတော့ ညအချိန်မှာ မီးသတ်သမားတွေဟာ အခင်းဖြစ်ပွားရာနေရာမှာ မီးသတ်ပိုက်တွေနဲ့ လှေကားတွေ တပ်ဆင်နေတာကို ပြသထားပြီး နေ့ဘက်ပိုင်းမှာတော့ အဲဒီအဆောက်အအုံမှာ ထူထဲနက်မှောင်တဲ့ မီးခိုးလုံးတွေ ထွက်လာနေတာကို မြင်တွေ့ရပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း (VNA) သတင်းအေဂျင်စီက ဆိုပါတယ်။
Source/Photo - Reuters