ပီရူးဆရာဝန်တွေဟာ ဆေးထိုးအပ် ၈ ချောင်းကို မတော်တဆ မျိုချမိခဲ့တဲ့ ၂ နှစ်အရွယ် ကလေးတယောက်ကို စက်တင်ဘာ ၉ ရက်မှာ အရေးပေါ်ခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။
ကလေးငယ်ဟာ ပီရူးရဲ့ မြောက်ပိုင်းပြည်နယ် မာရစ်စ်ကားလ် ကားဆယ်ရီစ်ရှိ ကျေးရွာတရွာမှာ သူ့မိခင် အလုပ်လုပ်နေတဲ့ လယ်ကွင်းမှာ ကစားနေရင်း ဆေးထိုးအပ်တွေကို မျိုချမိခဲ့တာပါ။
ကလေးငယ်ကို ဒေသန္တရဆေးရုံ အမြန်ပို့ဆောင်ခဲ့ရပြီး အစာအိမ်နဲ့ အူလမ်းကြောင်းရှိ မတူတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအမျိုးမျိုးထဲက အပ် ၈ ချောင်းကို ဖယ်ရှားဖို့ ၂ နာရီကြာ ခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။
“ခွဲစိတ်ခန်းထဲကို ဝင်ဝင်ချင်း ကလေးဝမ်းဗိုက်ကို ဖွင့်လိုက်တာနဲ့ ဒီသတ္တုချောင်းတွေဟာ ဆေးထိုးအပ် နံပါတ် ၂၁ တွေဖြစ်ကြောင်း တွေ့ရှိခဲ့ရတယ်” လို့ ဒေါက်တာ ရှောင်န် ဆလာဇာက ပြောပါတယ်။
ဝမ်းဗိုက်တွင်းရှိ အင်္ဂါတွေကို ဖုံးအုပ်ထားတဲ့ ပယ်ရီတိုနီယမ် အမြှေးပါး၊ ဗိုက်ခေါင်းထဲမှာရှိတဲ့ အိုမန်တန် တစ်ရှူး၊ ဝမ်းဗိုက်နံရံအပြင် အန္တရာယ်ကြီးတဲ့ ဆီးအိမ်နဲ့ စအိုကြားတို့မှာ အပ်တွေ စိုက်ဝင်နေတာကို တွေ့ရကြောင်းလည်း ပြောပါတယ်။
အဲဒီဆေးထိုးအပ်တွေဟာ နွားတွေကို ထိုးသွင်းဖို့ဖြစ်ပြီး ကလေးက တွေ့ရှိပြီးနောက် မျိုချမိခဲ့တာ ဖြစ်နိုင်တယ်လို့ ကလေးရဲ့ မိသားစုတွေက ယူဆထားပါတယ်။
ကလေးဟာ ခွဲစိတ်မှုကနေ မြန်မြန်ဆန်ဆန်ပဲ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမဆင်းခင် အနည်းဆုံး ၃ ရက်လောက် ဆေးရုံမှာ တက်နေရမယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
Source/Photo-Reuters