အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ကို တရားစွဲတာဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ပြီး အမေရိကန်နိုင်ငံရေးစနစ်ရဲ့ ယိုယွင်းမှုကို သရုပ်ပြတာလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
၂၀၂၄ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် ရှေ့ဆုံးကနေ အရွေးခံသူ ထရမ့်ဟာ သူ့ရဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်မှုအပေါ် တွန်းလှန်ဖို့ ကြိုးပမ်းရင်း တချိန်တည်းမှာပဲ စွဲချက်တင်ခံထားရတဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက် ရင်ဆိုင်နေရပါတယ်။
သူဟာ အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး လာမယ့်နှစ်မှာ ပြန်အရွေးခံရဖို့ ကြိုးပမ်းနေတဲ့ ဘိုင်ဒင်ကတော့ သူ့ပြိုင်ဘက်အပေါ် အရေးယူမှုတွေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့ပါတယ်။
“ထရမ့်နဲ့ပတ်သက်လို့ ဖြစ်ပျက်နေသမျှဟာ ပြိုင်ဘက်တဦးရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို နိုင်ငံရေးအရ လှုံ့ဆော်တာပါပဲ၊ အဲဒါက အမေရိကန်ပြည်သူတွေနဲ့ တကမ္ဘာလုံးရဲ့ မျက်စိရှေ့မှာ လုပ်နေတာပါ။ သူတို့ရဲ့ ပြည်တွင်းရေးပြဿနာတွေကို ရိုးရိုးရှင်းရှင်းပဲ ဖော်ထုတ်ခဲ့တာပါ” လို့ ပူတင်က ပြောပါတယ်။
ထရမ့်မှာ ရုရှားနဲ့ အထူးဆက်ဆံရေး ရှိတယ်ဆိုတဲ့ အယူအဆက လုံးဝ အဓိပ္ပာယ်မရှိဘူးလို့ ပူတင်က ပြောပါတယ်။
ရုရှားသမ္မတဟာ ဘီလျံနာစီးပွားရေးသမား အီလွန်မက်စ်ခ်ကို ရည်ညွှန်းပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်တဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ထူးချွန်သူ၊ တက်ကြွထက်မြက်တဲ့ စီးပွားရေးသမားတဦးအဖြစ် ဖော်ညွှန်း ပြောဆိုခဲ့ပါတယ်။
ခရိုင်းမီးယားဆိပ်ကမ်းမြို့ စီဗက်စ်တိုပိုမြို့မှာ ရုရှားရေယာဉ်စုကို တိုက်ခိုက်ရာမှာ အထောက်အကူဖြစ်စေဖို့ အီလွန်မတ်စ်ခ်ရဲ့ စတားလင့်ခ် ဂြိုဟ်တုကွန်ရက်ကို စတင်အသုံးပြုဖို့ မနှစ်က ယူကရိန်းက တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ စစ်အတွင်း အကြီးစားအခန်းကဏ္ဍမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်ရမှာ စိုးတယ်လို့ ပြောရင်း မတ်စ်ခ်က ငြင်းဆိုခဲ့အပြီး ရက်ပိုင်းအကြာမှာ ပူတင်က မတ်စ်ခ်ကို လူသိရှင်ကြား ချီးကျူးစကား ပြောခဲ့တာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters