ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦး စုစုပေါင်း ၄ ဦးကို စက်တင်ဘာ ၁၂ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက်မနက်က မဲဆောက်မြို့နယ် အမှတ် ၆ ကျေးရွာအုပ်စုမှာ ရက်ပေါင်း ၃၂၅၇ ရက် ကျော်လွန်နေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးနဲ့ မယ်ပကျေးရွာမှာ ရက်ပေါင်း ၁၉၉၂ ရက် ကျော်လွန်နေထိုင်တဲ့ မြန်မာအမျိုးသားတဦးတို့ကို တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးတားဆီး နှိမ်နင်းရေးလုပ်ငန်းအဖွဲ့နဲ့ ဘန်ဟေဟင်ဖန် စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတွေ ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီလောက်မှာလည်း တာ့ခ်ခရိုင်လူဝင်ကြီးကြပ်ရေးမှ တာဝန်ရှိသူတွေက ခိုးဝင်နိုင်ငံခြားသား ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးစဥ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁၊ ၂ ခရိုင် သောင်ရင်းမြစ်ကမ်းမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့သူတွေထဲက နေထိုင်ခွင့်သက်တမ်းကျော်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦးကို မဲဆောက်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပြီး ကျန် ၂ ဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကို လွှဲပြောင်းပြီး တရားဥပဒေတိုင်း ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
Source/Photo-Tak Immigration