ပြည်ပနာမည်ကြီး အမှတ်တံဆိပ်ချုပ်လုပ်နေတဲ့ စက်ရုံတွေကို စစ်ကောင်စီ အလုပ်သမားရုံးတာဝန်ရှိသူတွေက လိုက်လံစစ်ဆေးနေတယ်လို့ အလုပ်သမားအဖွဲ့တွေဆီက သိရပါတယ်။
နာမည်ကြီး အမှတ်တံဆိပ်တချို့ မြန်မာနိုင်ငံက ထွက်မယ်ဆိုတဲ့သတင်းနဲ့ အဲဒီအမှတ်တံဆိပ်ချုပ်နေတဲ့ စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြေပြင်စစ်ဆေးနေကြတာလို့ ဆိုပါတယ်။
Action Labor Rightsအဖွဲ့မှ တာဝန်ရှိသူတဦးက "ကျနော်တို့ သိရသလောက်ဆိုရင် H&M တို့၊ Adidas တို့လို Brand ချုပ်နေတဲ့ စက်ရုံတွေ စာရင်းစုပြီး မြို့နယ်အလိုက် အလုပ်သမားရုံးတွေက လိုက်စစ်နေကြတာ။ အထက်ကခိုင်းလို့ဆိုပြီးတော့လည်း ကြားတယ်" လို့ ပြောပါတယ်။
နာမည်ကြီး အမှတ်တံဆိပ်တွေအနေနဲ့ မြန်မာနိုင်ငံက မထွက်ဖို့နဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်အသင်းက သြဂုတ်လကုန်ပိုင်းက ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီအလုပ်သမားရုံးကလည်း စစ်ဆေးမှုတွေ လုပ်ပြပြီး ပြန်ဆွဲဆောင်ဖို့ ကြိုးစားလာတာလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
ပြည်တွင်းအခြေစိုက်အလုပ်သမားအရေးလှုပ်ရှားသူတဦးက "Brand တွေ ထွက်မှာစိုးလို့ အသည်းအသန် ပုံရိပ်ပြန်တက်အောင်လုပ်လာတာ။ စက်မူဇုန်တွေမှာ လုပ်ငန်းခွင်အခြေအနေတွေ လိုက်စစ်နေတယ်လို့ သတင်းတွေတော့ ရထားတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ဆိုးရွားနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတာကြောင့် မကြာခင်က လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုလို့ ဖမ်းဆီးထားတဲ့ အလုပ်သမားတချို့နဲ့ ကူညီဆောင်ရွက်ပေးနေသူတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီအလုပ်သမားဝန်ကြီး ဦးမြင့်နောင်ကိုယ်တိုင် ဒီရက်ပိုင်းအတွင်း ရန်ကုန်နဲ့ ပဲခူး က စက်ရုံတချို့ကို လိုက်လံစစ်ဆေးနေတယ်လို့ အဲဒီဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီလိုလိုက်လံစစ်ဆေးတဲ့ စက်ရုံတွေမှာ နာမည်ကြီး အမှတ်တံဆိပ်ချုပ်နေတဲ့ ရုံတွေပါသလို လုပ်ခတိုးတောင်းလို့ ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေ လုပ်ကိုင်ခဲ့တဲ့ ဟိုစိမ့်(မြန်မာ)စက်ရုံနဲ့ Sun Apparel Myanmar စက်ရုံတို့လည်း ပါဝင်တယ်လို့ ထုတ်ပြန်ထားတဲ့ သတင်းတွေအရ သိရပါတယ်။