ရုရှားနိုင်ငံရဲ့ အာတိတ်ဇုန်မှာ သဘာဝဓာတ်ငွေ့ရည် (LNG) ထုတ်လုပ်မှုဟာ ၂၀၃၀ ပြည့်နှစ်မှာ သုံးဆ တိုးလာမှာဖြစ်ပြီး တနှစ်ကို တန်ချိန် ၆၄ သန်းအထိ ထုတ်လုပ်နိုင်မှာတော့ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁၂ ရက်က ဗလာဒီဗိုစတော့မြို့မှာ ကျင်းပတဲ့ အရှေ့စီးပွားရေးဖိုရမ်မှာ ပြောလိုက်ပါတယ်။
ဒါဟာ ရုရှားရဲ့ မြောက်ဘက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရုရှားရဲ့ နည်းပညာ အချုပ်အခြာအာဏာကို ခိုင်မာစေဖို့အတွက် ကြီးမားတဲ့ အထောက်အကူတွေ ပေးပါလိမ့်မယ် လို့လည်း ပူတင်က ဆိုပါတယ်။
ရုရှားနိုင်ငံရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ရှိ ဓာတ်ငွေ့ပိုက်လိုင်းတွေ ပေါင်းစည်းတာဟာ သူ့ရဲ့ ဓာတ်ငွေ့ကုန်သွယ်မှုကို ပိုမို လိုက်လျောညီထွေ ဖြစ်စေမယ်လို့လည်း ပြောကြားလိုက်ပြီး မော်စကိုဟာ သူ့ရဲ့ စွမ်းအင်တင်ပို့မှုကို အနောက်ဘက်ပိုင်းကနေ လမ်းကြောင်းလွှဲနေပြီး အရှေ့ပိုင်းက မိတ်ဘက်တွေဆီကို ပိုမိုတင်ပို့နေကြောင်းလည်း သူကဆိုပါတယ်။
ရုရှားအရှေ့ဖျားဒေသကို ကုန်သွယ်မှုအတွက် လမ်းဖွင့်ထားပြီး နိုင်ငံအများအပြား ပါဝင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာစနစ်ဟာ ဆက်ဆံရေးနဲ့ ပေါင်းစည်းမှုပုံစံသစ်ကို ဖော်ဆောင်နေကြောင်းလည်း သူက အလေးပေး ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters