တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေ့ရဲ့ အကြွင်းအကျန်တွေကနေ မရပ်မနား မိုးဆက်တိုက် ရွာသွန်းခဲ့တာကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှာ မြေပြိုမှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုတွေကြောင့် နေထိုင်သူ ၁,၃၆၀ လောက် ပိတ်မိနေခဲ့ကာ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၂ ရက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၁ ရက်က ကွမ်ရှီးနဲ့ ကွမ်တုန်းပြည်နယ်တွေမှာ အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ခဲ့လို့ အရေးပေါ်ဝန်ထမ်းတွေဟာ ဒေသခံတွေကို ရာဘာလှေတွေပေါ် တင်ပေးပြီး နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ရေလွှမ်းမိုးမှုနဲ့အတူ အနီးနားရှိမြို့တွေထိ ကျော်လွန်ပြီး မြစ်ရေလျှံမှုတွေကိုလည်း မောင်းသူမဲ့လေယာဉ် ဗီဒီယိုဖိုင်မှာ ပြသခဲ့ပါတယ်။
ယုလင်မြို့ရဲ့ ဒေသအများစုမှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း မုန်တိုင်းတွေ အဆက်မပြတ် တိုက်ခတ်မှုကြောင့် မြေပြိုမှု ၁၁၅ ခု ရှိခဲ့ပြီး လမ်းတွေပျက်စီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
တနင်္ဂနွေနေ့ ညနေ ၅ နာရီခွဲလောက်မှာ ယန်ကျန်းက စုစုပေါင်း လူပေါင်း ၁၃,၂၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း CCTV က တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ရှီအန်းမြို့မှာလည်း ရေလွှမ်းမိုးမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လမ်းတွေ ပျက်စီးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က စက်တင်ဘာ ၁၂ ရက်မှာ ပြသခဲ့ပါတယ်။ ရှီအန်း မိုးလေဝသဌာနက အဆင့် ၄ ဆင့် သတိပေးစနစ်ရဲ့ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ လိမ္မော်ရောင် မိုးသက်မုန်တိုင်း သတိပေးချက်ကို တနင်္လာနေ့ မနက် ၁၁ နာရီမှာ ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံကို တိုက်ခတ်လာတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဟာ ပိုမိုပြင်းထန်လာပြီး မုန်တိုင်းလမ်းကြောင်းတွေလည်း ပိုမိုရှုပ်ထွေးလာကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
ခိုင်မာတဲ့ ရေလွှမ်းမိုးမှု ကာကွယ်ရေးစွမ်းရည် ရှိပြီးဖြစ်တဲ့ ရှန်ကျန်းလို ကမ်းရိုးတန်းမြို့တွေမှာတောင် သဘာဝဘေးအန္တရာယ် ပြင်းထန်နေတာ ဖြစ်ပါတယ်။
Source/Photo-Reuters