တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတက်ကျေးရွာကို အင်အား ၃၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာ ၁၁ ရက် မနက် ၅ နာရီ၊ မိနစ် ၂၀ လောက်မှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီတပ်သားတွေက ပိတပ်ရွာအတွင်းရှိ ပြည်သူ့နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ရှာဖွေပြီး နေအိမ်အတွင်းရှိ အသုံးဆောင်ပစ္စည်းတွေ၊ အဝတ်အထည်တွေ၊ အစားအသောက်ပစ္စည်းတွေ၊ တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်သွားခဲ့သလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ရွာသားတယောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတဦး သေဆုံးခဲ့ပြီး တပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရကာ ဒေသခံ ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်ကျရှုံးမှု မရှိဘူးလို့ သိရပါတယ်။
မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “စကစတပ်တွေက ပိတပ်ရွာကို ဝင်လာတဲ့အချိန်မှာ စကစက ပိတပ်ရွာဘက်က ကျနော်တို့က မဒေါင်ရွာဘက်က နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲကြာချိန်က ၆ နာရီကျော် ဖြစ်ပွားခဲ့တယ်။ တိုက်ပွဲအတွင်းမှာ စကစဘက်က လက်နက်ကြီးတွေအပြင် ရေတပ်စစ်သင်္ဘောတွေကနေ အမြောက်ပစ်ကူတွေနဲ့ ပစ်တယ်။ စကစဘက်က နေ့လယ် ၁၂ နာရီဝန်းကျင်လောက် ပိတပ်ရွာက ပြန်လည်ဆု တ်ခွာသွားတယ်။ စကစတပ်သားတွေက ပိတပ်ရွာသားတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ ပြောပါတယ်။
ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ အရေးကြီးစာရွက်စာတမ်းများ၊ တန်ဖိုးရှိပစ္စည်းတွေကို သေချာထုပ်ပိုးသိမ်းဆည်းထားဖို့၊ စစ်ရေးသတိ အမြဲရှိဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို လေးစားလိုက်နာပေးကြဖို့ မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးက သတိပေးထားပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုလောမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရေတပ်စစ်သင်္ဘောတွေကနေပြီး အမြောက်ပစ်ကူတွေ အသုံးပြုခဲ့တာ အခုတကြိမ်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်။