မော်ရိုကိုမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဥရောပသမဂ္ဂ (အီးယူ)ဟာ အစိုးရမဟုတ်တဲ့ အကူအညီပေးရေး အဖွဲ့ဖြစ်တဲ့ လခြမ်းနီအဖွဲ့ကို ကနဦး ယူရို ၁ သန်း (ဒေါ်လာ ၁ ဒသမ ၀၇ သန်း) ထုတ်ပေးလိုက်ကြောင်း ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘာလာ့ အူ့ဂျ်ဗာရီက စက်တင်ဘာ ၁၁ ရက်မှာ ပြောကြားပါတယ်။
အီးယူ အစုအဖွဲ့ဟာ မော်ရိုကိုအာဏာပိုင်တွေနဲ့လည်း ဆက်သွယ်ခဲ့ပြီး ဥရောပသမဂ္ဂရဲ့ အရပ်ဘက်ကာကွယ်ရေး အကူအညီကို လိုအပ်သမျှ အပြည့်အဝ ပေးသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ အူ့ဂျ်ဗာရီက ပြောပါတယ်။
“စက်တင်ဘာ ၈ ရက် ငလျင်အပြီးမှာပဲ ဥရောပကော်မရှင်မှာရှိတဲ့ အီးယူရဲ့ အကျပ်အတည်း စီမံခန့်ခွဲမှု စင်တာကနေတဆင့် မော်ရိုကိုအာဏာပိုင်တွေကို ချက်ချင်းဆက်သွယ်ပြီး မြေပြင်မှာ အကူအညီတွေ ပေးခဲ့တယ်” လို့ အူ့ဂျ်ဗာရီက ပြောပါတယ်။
လောလောဆယ်မှာ မော်ရိုကိုကနေ အီးယူ အရပ်ဘက်အကာအကွယ်ပေးရေး ယန္တရားအရ တောင်းဆိုချက်တွေကို စတင်မလုပ်ဆောင်သေးတာကြောင့် အခုအတောအတွင်း မော်ရိုကိုအတွက် အကူအညီပေးဖို့ တခြားလမ်းကြောင်းတွေကို အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။
သူတို့ဟာ ကိုပါနီးကပ်စ် ဂြိုဟ်တုစနစ်ကို အသက်သွင်းခဲ့ပြီးတော့ ဒေသတွင်းရှိ အရည်အသွေးမြင့် ဂြိုဟ်တုဓာတ်ပုံတွေကို ပံ့ပိုးပေးနိုင်ခဲ့ပြီး ထိခိုက်တဲ့ဒေသတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မာရာကက်ရှ်ရဲ့ အနောက်တောင်ဘက် ၇၂ ကီလိုမီတာ အကွာမှာ သောကြာနေ့ ညနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့အတွက် စပိန်၊ ဗြိတိန်နဲ့ ကာတာတို့က ရှာဖွေရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
Source/Photo-Reuters