ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံသားအဖြစ် အမျိုးသားမှတ်ပုံတင်ကတ် ထုတ်ပေးဖို့အတွက် သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူတွေက စိစစ်ဆောင်ရွက်နေပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ အတည်တကျ နေထိုင်လာပြီး နိုင်ငံနဲ့ ပြည်သူလူထုအကျိုးပြု လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့သူ၊ နိုင်ငံကူးလက်မှတ်ရှိ အသက် ၆၀ နှစ် ပြည့်ပြီးသူတွေကို ထိုင်းနိုင်ငံသားဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၁၀ နဲ့ ၁၁/၁ အရ ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံသားအဖြစ် ကူးပြောင်းပေးဖို့အတွက် စက်တင်ဘာ ၁၁ ရက်က တာ့ခ်ခရိုင် အုပ်ချုပ်ရေးရုံးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ထုံးလုပ်နည်းနဲ့အညီ ကာယကံရှင်ကို တွေ့ဆုံမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
ခရိုင်အတွင်းဝန် နိုင်းထတ်ဆနိုင်း ဆုထားဖို့တ် ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ ဒေါက်တာ စင်သီယာမောင်ရဲ့ ကိုယ်ရေးရာဇဝင်၊ ထိုင်းဘာသာစကား၊ လုပ်ငန်းအတွေ့အကြုံ၊ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်နေ ပြည်သူတွေအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်ရေး လုပ်ငန်း၊ ငှက်ဖျား အစရှိတဲ့ ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းတွေ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ အကြောင်းတွေကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းလွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ တောင်ပေါ်တိုင်းရင်းသားများနဲ့ လူထုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ထူထောင်သူ နန်းဒိန်းကျိုင်ဒီထေ့စ်ကလည်း ဒေါက်တာစင်သီယာမောင်ဟာ နှစ်နိုင်ငံနယ်စပ်နေ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့တယ်၊ သူ့ရဲ့ဆေးခန်းမှာ ပျမ်းမျှခြင်းအားဖြင့် လူနာ ၁ နှစ်ကို ၃၀,၀၀၀ ကျော် ကုသပေးခဲ့ပြီး ကုန်ကျစရိတ်မှာ ၁ နှစ် ဘတ် ၄၈ သန်းရှိတယ်၊ နှစ်ပေါင်း ၃၄ နှစ်အတွက် ဘတ်သန်းပေါင်း ၁,၈၀၀ ကျော် သုံးစွဲခဲ့တယ်၊ ဒီကုန်ကျငွေတွေဟာ ထိုင်းအစိုးရရဲ့ ရန်ပုံငွေတွေကို အသုံးပြုခဲ့တာမဟုတ်ဘူး၊ အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ အခမဲ့ ကုသပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပညာရေးအခွင့်အလမ်း မဲ့နေတဲ့ ကလေးတွေ၊ ရွှေ့ပြောင်းလုပ်သား ကလေးတွေအတွက် ၁၉၉၅ ခုနှစ်ကစ ပညာရေးစင်တာ ဖွင့်လှစ်ခဲ့လို့ လူငယ်လေးတွေကို လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကနေ လွတ်ကင်းစေခဲ့တယ်၊ ဒေါက်တာစင်သီယာမောင်ဟာ နိုင်ငံတကာကပေးတဲ့ မက်ဆေးဆေး လူမှုထူးချွန်ဆုကိုလည်း ရရှိခဲ့တယ်၊ ဒါကြောင့် သူ့ရဲ့ နိုင်ငံနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့လည်းကောင်း၊ နိုင်ငံမဲ့သူများပြဿနာ ဖြေရှင်းပေးတဲ့အနေနဲ့ လည်းကောင်း သူ့ကို ထိုင်းနိုင်ငံသားအဖြစ် ကူးပြောင်းပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လျှောက်ထားချက်မှာ ပါဝင်ထောက်ခံပေးခဲ့တယ်လို့ ပြောပါတယ်။
ဒီလုပ်ငန်းစဉ်ကို မနှေးအမြန် ဆောင်ရွက်ပေးတဲ့ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးရုံး၊ တာ့ခ်ခရိုင် အုပ်ချုပ်ရေးရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ အသစ်တက်လာတဲ့ ပြည်ထဲရေးဝန်ကြီး နိုင်းအနုထင်း ချန်းဝီရကွန်း အနေနဲ့လည်း နိုင်ငံမဲ့သူများ ပြဿနာကို အလေးထားပြီး အရေးတယူ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း နန်းဒိန်းကျိုင်ဒီထေ့စ်က တွေ့ဆုံဆွေးနွေးပွဲမှာ ပြောသွားပါတယ်။
Source: Matichon