ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၃ ခုက တပ်မဟာမှူးနဲ့ ဗျူဟာမှူးရာထူးတွေ အပြောင်းအလဲပြုလုပ်လိုက်ပါတယ်။
ပြီးခဲ့ရက်ပိုင်းက ပြုလုပ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ရဲ့ ထိပ်ပိုင်းတပ်မှူးတွေ တွေ့ဆုံပွဲမှာ တပ်မဟာ (၃) ခုက တပ်မဟာမှူးနဲ့ ဗျူဟာမှူးရာထူးတွေကို အပြောင်းအလဲ လုပ်ခဲ့တာဖြစ်ပါတယ်။
တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးမူအစား ဒုတိယဗိုလ်မှူးကြီး စောဖိုးလေး၊ တပ်မဟာ(၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးအစား ဗိုလ်မှူးကြီး စောကို့ထူးနဲ့ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒိုအစား ဗိုလ်မှူးကြီးစောဒိကွယ်ထူး တို့ကို ပြောင်းလဲ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
ဒီအပြောင်းအလဲနဲ့ပတ်သက်ပြီး ကေအန်ယူ ပြောခွင့်ရသူ ပဒိုစောကလယ်စေးက “ အဓိကအားဖြင့် ခေါင်းဆောင်တွေရဲ့ KNLA တပ်မှူးတယောက်ဖြစ်မယ်ဆိုရင် အသက်အရွယ် အပိုင်းအခြားက အရေးကြီးတဲ့အတွက် အသက်အရွယ်အပိုင်းအခြား နည်းနည်းလေး ကျော်လွန်နေတဲ့ အခြေအနေ ဖြစ်တဲ့အတွက် ဒါကို နည်းနည်းအသက်ရွယ်အပိုင်းအခြား သတ်မှတ်ချက်အရ အဆင်ပြေမယ့် ခေါင်းဆောင်တွေကို ပြန်ပြီးတော့ အစားထိုး ခန့်အပ်တာပဲဖြစ်ပါတယ်။ အဲဒီထဲက တချို့သော တပ်မှူးတွေဆိုရင်လည်းပဲ တပ်မမှူးတာဝန်ကနေ ရပ်ဆိုင်းတယ်ဆိုပေမဲ့ တခြားသော တာဝန်ထမ်းဆောင်ရဖို့ကလည်း ဒါကျနော်တို့ရဲ့ KNLA တပ်ဖွဲ့တပ်မှာတော့ အစီအစဉ်တွေလည်း ရှိတာပေါ့နော်”လို့ ပြောပါတယ်။
ဒါ့အပြင် တပ်မဟာ(၄)ရဲ့ ဗျူဟာမှူးနေရာမှာ တပ်ရင်း(၂၀၃)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောလေးသိန်း၊ တပ်မဟာ(၆) တပ်ရင်း (၂၇)တပ်ရင်းမှူး ဗိုလ်မှူးကြီးရန်နိုင် (ခ)စောနယ်ဒါးထူးနဲ့ တပ်မဟာ(၇) ဗျူဟာမှူးနေရာမှာ တပ်ရင်း(၁၀၁)ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဖိုးဒူတို့ကို အသီးသီး ပြောင်းလဲခန့်အပ်လိုက်တယ်လို့ ကရင်သတင်းဌာနကနေ သိရပါတယ်။
ဒီလိုခေါင်းဆောင်တချို့ အပြောင်းအလဲကြောင့် ကေအန်ယူရဲ့ နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲ မရှိဘူးလို့လည်း ပဒိုစောကလယ်စေးက ပြောပါတယ်။
“ဒီခေါင်းဆောင်အပြောင်းအလဲကြောင့် နိုင်ငံရေးစစ်ရေးအပြောင်းအလဲကတော့ ကေအန်ယူထဲမှာ မရှိဘူးလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ကေအန်ယူရဲ့ နိုင်ငံရေးကို စစ်ရေးကသူ့ရဲ့ ကျရာ အခန်းကဏ္ဍကနေပြီးတာဝန်ယူတဲ့အတွက် ဒီစစ်ရေးပေါ်လစီအရ ဆက်သွားဖို့ပဲရှိတယ်လို့ ပြောလို့ရပါတယ်။”
ကေအန်ယူ အုပ်ချုပ်မှုအောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ KNLA ဟာ လက်ရှိ နွေဦးတော်လှန်ရေးကာလမှာ တခြား တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက် လုပ်ဆောင်နေပါတယ်။
ဓါတ်ပုံ - ကရင်အမျိုးသားမီဒီယာ