မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၁၂ ရက် အစောပိုင်းမှာ ရုရှားနိုင်ငံကို ရောက်ရှိနေပြီလို့ တောင်ကိုရီးယားစစ်တပ်နဲ့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းကို တင်ဆောင်လာတဲ့ ရထားတစင်းဟာ မြောက်ကိုရီးယားကနေ ရုရှားအရှေ့ဖျားကိုသွားတဲ့ အဓိကရထားလမ်းဖြစ်တဲ့ ခါဆန်ဘူတာကို ရောက်ရှိလာခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရုရှား တရားဝင်သတင်းရင်းမြစ်ကို ကိုးကားပြီး ဂျပန် ကျိုဒိုသတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ အစိမ်းရင့်ရောင် သူ့ရဲ့ကိုယ်ပိုင် သံချပ်ကာရထားနဲ့ ပြုံယမ်းကနေ ရုရှားနိုင်ငံကို ထွက်ခွာသွားခဲ့ပြီး လက်နက်လုပ်ငန်း ထိပ်တန်းအရာရှိတွေ၊ စစ်ဘက်အရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါသွားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က အင်္ဂါနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ကင်မ်ရဲ့ ရုရှားခရီးစဉ်နဲ့ ပူတင်နဲ့ တွေ့ဆုံမှုဟာ အာဏာနဲ့ လုပ်ပိုင်ခွင့် အပြည့်အဝရှိတဲ့ လာရောက်မှုဖြစ်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က အွန်လိုင်းပေါ်မှာတင်ထားတဲ့ ဗီဒီယိုတခုမှာ ပြောထားပါတယ်။
ဆွေးနွေးပွဲရဲ့ အဓိကအကြောင်းအရာမှာ အိမ်နီးချင်းနိုင်ငံတွေအကြား ဆက်ဆံရေးဖြစ်ကြောင်း ပက်စ်ကို့ဗ်က ပြောကြားထားပါတယ်။
ပူတင်ဟာ အင်္ဂါနေ့မှာ ဗလာဒီဗော့စတော့မြို့ကို ရောက်ရှိလာမယ်လို့ မျှော်လင့်ရပြီး စက်တင်ဘာ ၁၃ ရက်အထိ ကျင်းပမယ့် အရှေ့စီးပွားရေးဖိုရမ်ရဲ့ ပင်မအစည်းအဝေးကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
ဖိုရမ်ရဲ့ ပြင်ပအချိန်မှာ ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မျှော်လင့်ထားပြီး ကင်မ်ဂျုံအန်းဟာ ဖိုရမ်ကို တက်ရောက်ဖြစ်မဖြစ်နဲ့ သူတို့တွေ့ဆုံမယ့်နေရာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဝါရှင်တန်က သတိပေးထားတဲ့ မြောက်ကိုရီးယားကို ရုရှားနဲ့ လက်နက်သဘောတူညီချက်ကို သဘောမတူသင့်ဘူး ဆိုတဲ့ကိစ္စကို သမ္မတ ဗလာဒီမာပူတင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှု ဖြစ်လာမှာပါလို့ ကရင်မလင်နန်းတော်က ပြောကြားထားပါတယ်။
မော်စကိုနဲ့ ပြုံယမ်းတို့ဟာ အစောပိုင်းက အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပေမဲ့ နှစ်နိုင်ငံစလုံးဟာ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်သွားမယ်လို့ ကတိပြုထားပါတယ်။
Source/Photo-Reuters