စက်တင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ အခုသီတင်းပတ်အတွက် စားသုံးဆီ ၁ ပိဿာ ရည်ညွှန်းဈေး ၄၅၂၄ ကျပ်အထိတိုးမြင့်လိုက်လို့ အရင်ဈေးထက် ၃၆၄ ကျပ် မြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ စားသုံးဆီရောင်းဝယ်ရေး လုပ်ငန်းတွေက ပြောပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ် စားသုံးဆီ ရည်ညွှန်းဈေးကို ၄၁၆၀ ကျပ်ကနေ ၁ ပိဿာကို ၄၅၂၄ ကျပ်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ပြည်တွင်းစားသုံးဆီ တပတ်စာရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေပေါ် မူတည်ပြီး အခြေခံတွက်ချက်တာလို့ သိရပြီး ရည်ညွှန်းဈေး ရာဂဏန်းတက်လာတာကြောင့် လက်လီ ဈေးအနည်းငယ်တက်လာနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ဆီရောင်းဝယ်ရေးလုပ်ကိုင်သူတဦးက“ ၁၁ ရက်ထုတ် ရည်ညွှန်းဈေးမှာ သုံးရာကျော် လောက် တက်သွားတယ်။ ဆိုင်တွေကို ကုမ္ပဏီတွေက လာချပေးရင် တန်းစီစနစ်နဲ့ ရောင်းရအဆင်ပြေပါတယ်၊ မလာတဲ့နေ့ဆို မရောင်းရဲဘူး၊ ၃ ရက်ခြား တခါလောက် တုံကင်ဝေပြီး လောလောဆယ် ရောင်းနေရတယ်။ ဆီကတော့ လာချတာနဲ့ ကုန်တာပဲ၊ ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတဲ့ ပြဿနာတော့ ရှိပါတယ်။ ဈေးနည်းနည်းတက်သွားတော့ သူတို့ပြောတဲ့အတိုင်း ၁၀ ရာခိုင်နှုန်း အမြတ်တင်ပြီး ရောင်းဖို့ပဲရမယ်၊ သူတို့ဈေးတွေသတ်မှတ်ပြီး ပုံမှန်အတိုင်း ဆီမရရင်တော့ ဒီဈေးနဲ့ ရောင်းဖို့ မသေချာဘူး” လို့ ဆိုပါတယ်။
လက်လီရောင်းချမှုကို စားသုံးဆီအရင်းဈေးနှုန်းရဲ့ အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့၊ လက်ကားကုန်သည်အရောင်းဆိုင်ကြီးတွေက အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ကျစရိတ်ပေါင်းပြီးတဲ့ ဈေးနဲ့သာ ရောင်းချဖို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စာထုတ်ပြန်ထားပါတယ်။
စားအုန်းဆီကို သတ်မှတ်စျေးနဲ့ရောင်းချတဲ့ဆိုင်တွေမှာ တန်းစီဝယ်ဖို့အခက်အခဲရှိနေသူတွေအနေနဲ့ အပြင်ဆိုင်တချို့ကနေ မှောင်ခို ဝယ်ယူအသုံးပြုနေကြရတယ်လို့ကာယကံရှင် ပြည်သူတွေထံက သိရပါတယ်။
စစ်ကောင်စီ စားအုန်းဆီစျေးကျဆင်းဖို့ဆိုပြီး စျေးတင်ရောင်းချသူတွေနဲ့ ဆီအသင်းဥက္ကဋ္ဌအပါ အဝင် တာဝန်ရှိသူတချို့ကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေလုပ်ခဲ့ပါတယ်။