ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုနယ်မြေရဲစခန်းက အမျိုးသမီး ရဲတပ်သားတယောက် သေနတ်တလက်နဲ့ ကျည်တွေယူကာ ထွက်ပြေးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲအရာရှိတချို့ စစ်ဆေးခံနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ထုံးဘိုနယ်မြေရဲစခန်းက အမျိုးသမီး ရဲမေတယောက်ဟာ MA-13 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀၀ ကို ယူပြေးသွားပြီး ပြန်လည်ဖမ်းဆီးရခြင်း မရှိတာကြောင့် နယ်မြေစခန်းမှူးနဲ့အဖွဲ့ကို မနေ့က စစ်ကောင်စီတပ်က စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပြေးသွားတာက သုံးရက်လောက်ရှိပြီ။ စခန်းမှူးနဲ့အဖွဲ့က ကြိတ်ပြီးရှာနေတာ၊ လက်နက်စစ်ဆေးလို့ မရှိမှ သူတို့ကို စစ်တပ်က စစ်ဆေးတာ။”
ထွက်ပြေးသွားတဲ့ ရဲမေဟာ ထုံးဘိုမြို့ အမှတ် ၅ ရပ်ကွက်ရှိ ရည်းစားဖြစ်သူထံ စက်တင်ဘာ ၇ ရက်က လက်နက်နဲ့ကျည်တွေကို ယူဆောင်သွားပြီး ပြန်မလာတော့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စခန်းမှူးက ထွက်ပြေးတာသိတယ်။ သေနတ်နဲ့ ကျည်တွေ လာပြန်ပို့ပေးဆိုလို့ အဲ့ကောင်မလေးက ဟိုနေ့ပို့မယ်၊ ဒီနေ့ပို့မယ်၊ ၉ ရက်နေ့က လာပို့တော့ စစ်တပ်နဲ့ပေါင်းပြီး ဖမ်းမယ်လုပ်လို့ ထွက်ပြေးသွားတာ အခုချိန်ထိ လူလည်းမမိသလို သေနတ်နဲ့ ကျည်တွေလည်း ပြန်မရဘူး။ မနေ့ကတော့ စစ်တပ်က လာပြီးစစ်ဆေးနေတယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ထုံးဘိုမြို့ပေါ် ရပ်ကွက်၊ မြို့အဝင်ဂိတ်နဲ့ ဥသျှစ်ပင်မြို့အထိ လိုက်လံစုံစမ်းရှာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။