Home
မြန်မာသတင်း
သာကေတတွင် YBS ယာဉ်ပေါ်မှ ခရီးသည် ၂ ဦးပြုတ်ကျပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
September 11, 2023
YBS

ရန်ကုန်၊ သာကေတမြို့နယ်၊ ၁ ရပ်ကွက်၊ ဧရာဝဏ်လမ်းမ၊ အနော်မာမှတ်တိုင်အနီးမှာ စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက်က YBS 76‌ ဘတ်စ်ကားပေါ်ကနေ ခရီးသည်နှစ်ယောက် ပြုတ်ကျပြီး တယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံ ကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

အဆိုပါ YBS 76 ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သန်လျင်နဲ့ ရန်ကင်း စက်မှု ၁ ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်ပြီး သာကေတ၊ ကျောင်းကွေ့မှတ်တိုင်ဘက်ကနေ ကျောက်တိုင်ဘက်ကို ဧရာဝဏ်လမ်းအတိုင်း မောင်းနှင်လာချိန် အနော်မာမှတ်တိုင်အနီးမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

အနီးအနားနေသူတွေရဲ့ ပြောပြချက်အရ မနက် ၇ နာရီခွဲလောက်က အသက် ၂၀ အရွယ် အမျိုးသားတယောက် ကားအောက်ပြုတ်ကျသွားတာကို နောက်က တယောက်က လှမ်းဆွဲလိုက်ရာက သူပါ အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

မနောဖြူအသင်းဝင်တဦးက “ကားက ကျောင်းကွေ့ဘက်ကနေ ကျောက်တိုင်ဘက်ကို မောင်းလာတာ။ အနော်မာလမ်းထိပ်နားလောက်မှာ ဖြစ်တာပါ။ တယောက်ပြုတ်ကျတာကို တယောက်က လှမ်းဆွဲရင်း နှစ်ဦးစလုံး ပြုတ်ကျသွားတာ။ ဆုံးသွားတဲ့ အသက် ၂၀ အရွယ် ကောင်လေးရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးပါဘူး” လို့ ပြောပါတယ်။

အရင်ဆုံးပြုတ်ကျခဲ့တဲ့ အသက် ၂၀ အရွယ် အမျိုးသားမှာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ လမ်းမပေါ်မှာပဲ ပွဲချင်းသေဆုံးသွားပြီး လှမ်းဆွဲခဲ့တဲ့ အသက် ၂၀ အရွယ် အမျိုးသားကတော့ ပွန်းပဲ့ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူကို သာကေတလူမှုကယ်ဆယ်ရေးက မြေပြင်ကုသမှု ပြုလုပ်ပေးခဲ့ပါတယ်။

သေ‌ဆုံးသွားသူကိုတော့ မနောဖြူလူမှုကူညီရေး နာရေးယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပြီး သူ့ရဲ့ နာမည်နဲ့ နေရပ်လိပ်စာကို သက်ဆိုင်ရာအဖွဲ့က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024