Home
မြန်မာသတင်း
ကန်ကြီးရိုးရွာ စီးနင်းခံရပြီး ဗိုလ်လင်းမြွေကျဆုံး၊ ပြည်သူ ၆ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ
DVB
·
September 11, 2023
376830754_333015429184880_3826225456223327091_n

မကွေးတိုင်း မြိုင်မြို့နယ် ကန်ကြီးရိုးကျေးရွာကို စက်တင်ဘာ ၁၀ ရက်နေ့မနက်မှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့လို့ မြိုင်ပကဖ တပ်ရင်း ၂၊ တပ်ခွဲ ၅ နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်လင်းမြွေကျဆုံးပြီး ပြည်သူ ၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြိုင်မြို့နယ်ပကဖကနေ ​သိရပါတယ်။

ကန်ကြီးရိုးကျေးရွာကို စက်တင်ဘာ ၁၀ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာ အင်အား ၈၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်းက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာလို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီရွာကို စစ်တပ် ဝင်ရောက်စီးနင်းတဲ့အချိန်မှာ ဗိုလ်လင်းမြွေက ရွာထဲမှာရှိနေပြီး ပြည်သူတွေကို ကယ်ထုတ်ရင်းနဲ့ အဝိုင်းခံရပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“စစ်(...)တွေ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်က နားထင်ကို အရင်မှန်တာဗျ။ အဲဒီမှာ ကျသွားအချိန်မှာ ရင်ဘတ်ကို ၂ ချက်ပစ်တယ်။ ပြီးရင် လည်ပင်းကို ဓားမနဲ့ ၂ ချက်ခုတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်” လို့ ကိုသုခက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူ  ၆ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။

နံသာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်လင်းမြွေဟာ အသက် ၂၄ နှစ်အရွယ် ရှိပြီး ကန်နီလမ်းတလျှောက်ကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ၊ စစ်ကောင်စီရဲ့ ရိက္ခာပို့ကားတွေကို ရွပ်ရွပ်ချွံချွံတိုက်ခဲ့သူတဦးဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်ရှိအချိန်မှာတော့ သနပ်ပင်ကုန်းစာသင်ကျောင်းဝိုင်းထဲမှာ တပ်စွဲထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဒရုန်းတွေ၊ RC Plane တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024