ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်(မူတြော်)ခရိုင်မှာ စစ်ကောင်စီရဲ့ ခေးပူတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် ကျောင်းသား ကျောင်းသူ ၃ ဦးနဲ့ ကျောင်းကော်မတီ ၁ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မဟာ ၅ (ပြောခွင့်ရ) ဗိုလ်မှူးကြီး စောကလယ်ဒိုက ဒီဗွီဘီကို ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအပြီး စက်တင်ဘာ ၇ ရက်နေ့ မနက် ၆ နာရီလောက်က ဒွယ်လိုးမြို့နယ် ထီးကောထာရွာကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသူကျောင်းသား ၃ ဦးနဲ့ ကျောင်းကော်မတီ ထိခိုက်သေဆုံးခဲ့ပြီး ကျောင်းသား ကျောင်းသူ ၅ ဦးနဲ့ ကျောင်းဆရာမ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
ဒါအပြင် လူသောမြို့နယ်၊ သေသူးခီးကျေးရွာကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံး၊ ဘုရာရှစ်ခိုးကျောင်း ၁ ကျောင်း ၊ စာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ရတဲ့အပြင် ထပ်မံပြီး ကောရဘောထာကျေးရွာကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံတွေက တိမ်းရှောင်နေတဲ့အတွက် ထိခိုက်သူမရှိခဲ့ပေမဲ့ နေအိမ် ၄ လုံး၊ စားသင်ကျောင်း ၁ ကျောင်း၊ ဘုရားရှစ်ခိုးကျောင်း ၁ ကျောင်း၊ ဝတ်ပြုဆုတောင်းဆောင် ၁ ခု ထိမှန်ပျက်စီးခဲ့ပါတယ်။
အလးတူ အဲဒီနေ့ တရက်တည်း ညနေ ၆ နာရီလောက်က လူသောမြို့နယ် သေခေးကျေးရွာအုပ်စု သူခေးထရွာကို ဗုံးကြဲပစ်ခတ်ခဲ့ရာ ကျေးရွာအပေါ် ကျရောက်တာမရှိတဲ့အတွက် ထိခိုက်ပျက်စီးဆုံးရှုံးတာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောတယ်။
စက်တင်ဘာ ၈ ရက်ကလည်း လူသောမြို့နယ် ခေးပူကျေးရွာအုပ်စုအတွင်းက ဒေဘူးနိုကျေးရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံတွေက တိမ်းရှောင်နေတဲ့အတွက် ထိခိုက်သူမရှိခဲ့ပါဘူး။
“အထူးသဖြင့် ထီးဂေါ်ထာကျေးရွာက KNLA အဖွဲ့အစည်း ရုံးစိုက်ရာမဟုတ်တဲ့အပြင် မနီးတော့ ပုန်းရှောင်ဖို့ မလိုအပ်ဘူးထင်ပြီး တောထဲမှာပြင်ဆင်ထားတာမရှိတဲ့အတွက် အခုလို လေယာဉ်လာပစ်တဲ့အချိန် ဒေသခံတွေက ကြောက်လန့်ပြီး ထွက်ပြေးနေရတော့ နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။”
စက်တင်ဘာ ၆ ရက်နေ့ မနက် ၅ နာရီခွဲလောက်က တပ်မဟာ ၅ လက်အောက်ခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ခေးပူတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အရာရှိ ၃ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့အထဲမှာ အရာရှိကိုင်ဆောင်တဲ့ လက်နက် ၃ လက်ပါဝင်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်သူမှုကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။