မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ကုသိုလ်တော်ဘုရားအနီး၊ ၆၂ လမ်းနဲ့ ၁၂ လမ်းမှာ စက်တင်ဘာ ၉ ရက် ညနေပိုင်းက ဓားထောက်ပြီး ဆိုင်ကယ်နဲ့ဖုန်း လုယက်သူ ၂ ယောက်ကို မြို့ခံတွေက ဖမ်းဆီးရမိခဲ့ပါတယ်။
ညနေ ၆ နာရီခွဲလောက်မှာ ဆိုင်ကယ်လမ်းဘေးချရပ်ပြီး ချိန်းတွေ့နေတဲ့ စုံတွဲဆီကို အမျိုးသား ၂ ယောက်က လာရောက်ဓားနဲ့ထောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းကို လုယက်ခဲ့တဲ့အပြင် အမျိုးသားဖြစ်သူကို လက်သီးနဲ့ ထိုးကြိတ်၊ အမျိုးသမီးကိုလည်း ပါးရိုက်ခဲ့တာ ဖြစ်ပါတယ်။
မန္တလေး နန်းတော်ရှေ့အသင်းတာဝန်ရှိသူက “အချိန်က ၆ နာရီ ၂၅၊ သမီးရည်းစား အတွဲကို ဓားထောက်လုပြီးတော့ ကောင်မလေးကိုလည်း ပါးတွေနားတွေ ရိုက်တာ။ ကောင်လေးက လက်သီးနဲ့ အထိုးခံရတယ်။ လုတာက ဆိုင်ကယ်နဲ့ ဖုန်းလုသွားတာ။ လုတဲ့သူတွေက ထွက်ပြေးပြီးတော့ နဒီချောင်းထဲ ပုန်းနေတာ။ ရှာကြရင်းနဲ့ ဖမ်းမိသွားတာ။ စစ်ကြတော့ လုတဲ့သူတွေက သားအဖတော်တယ်လို့ ပြောတယ်။ ၂၂ လမ်း အနောက်ပြင်မှာ နေကြတာ” လို့ ပြောပါတယ်။
ဖြစ်စဉ်ကို လမ်းသွားလမ်းလာတွေက တွေ့ရှိလိုက်ဖမ်းခဲ့တာကြောင့် လုယက်သူတွေဟာ ထွက်ပြေးသွားခဲ့ပြီး လုယက်သူ အသက် ၂၀ ကျော်အမျိုးသားနဲ့ အသက် ၅၀ ကျော် အမျိုးသားတို့ကို အုတ်စက်ရွာနားက နဒီချောင်းမှာ လုရာပါ ဆိုင်ကယ်၊ ဖုန်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ကျူးလွန်သူတွေကို အောင်မြေသာစံမြို့နယ်၊ အမှတ် ၁ ရဲစခန်းက လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်နေ့ကလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနဲ့ ၃၂×၃၃ လမ်းကြားမှာ ဓားကိုင်ဖုန်းလုပြေးတဲ့ အမျိုးသား၂ ယောက်ကို မြို့ခံတွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။