မကွေးတိုင်း၊ ရေစကြိုမြို့မှာ စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံး၊ ၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံ ကျားနက်တပ်ဖွဲ့ MBT ဆီကနေ သိရပါတယ်။
ရေစကြိုမြို့၊ ရုံးပေါင်းစုံ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ည ၇ နာရီ လောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြောက်ကျား နည်းဗျူဟာသုံးပြီး တိုက်ခိုက်ခဲ့ကြတာလို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။
နှစ်ဖက် အပြန်အလှန် နာရီဝက်လောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံး၊ ၃ယောက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိတဲ့သူတွေကတော့ ရေစကြိုမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အထိနာသွားလို့ ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ရေစကြိုမြို့၊ ထင်းတန်းရပ်ကွက်ကို စစ်ကြောင်းထိုးမွှေနှောက်ဖို့ စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့နဲ့ အတူ N YSO တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။