အေအေဆီကို သတင်းပေးပို့ဆက်သွယ်တယ်ဆိုပြီး ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်လမ်းပေါ်က မောင်တော ၆ မိုင်စစ်ဆေးဂိတ်မှာ တာဝန်ကျနေတဲ့ ဒုရဲအုပ် ၁ ယောက်အပါအဝင် ၃ ယောက်ကို ဖမ်းဆီးပြီး ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ နယ်ခြားစောင့် အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
သူတို့နဲ့ နီးစပ်သူတယောက်က "စက်တင်ဘာ ၇ ရက်နေ့ က ပစ်ခတ်မှု ဖြစ်ပွားတဲ့ နောက်မှာ ၆ မိုင်စခန်းက နယ်ခြားစောင့်တွေအားလုံးကို စစ်ကောင်စီ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)က စစ်ဆေးတဲ့အခါ သူတို့ဖုန်းတွေကနေ အေအေ ဘက်ကို သတင်းတွေပို့ထားတာတွေ တွေ့တဲ့အတွက် အဲဒီနေ့ကပဲ စစ်တွေကိုဖမ်းသွားပြီး ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတာ" လို့ ပြောပါတယ်။
ဒုရဲအုပ်ဝင်ဦး၊ ဒုတပ်ကြပ် အောင်ရှိုင်းနဲ့ အမည်မသိရသေးတဲ့တပ်သား ၁ ယောက် တို့ဖြစ်ပြီး သူတို့ကို မတရားအသင်းနဲ့ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၁၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)တို့အပြင် နောက်ထပ်ပုဒ်မ ၁ ခု နဲ့ စစ်တွေမြို့မရဲ့စခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သူတို့ရဲ့ဖုန်းတွေမှာ နယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ မောင်တောကို လာတဲ့ကိစ္စ၊ လူကြီးခရီးစဉ်လမ်းကြောင်းတွေကို မောင်တောနဲ့ စစ်တွေက အေအေ နယ်မြေမှူးတွေဆီ သတင်းပေးပို့ထားတာ၊ တပတ် ၂ ကြိမ် ထူးခြားသတင်းတွေ ပေးပို့ထားတာတွေ တွေ့ခဲ့ရပြီး သူတို့ကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က ဗိုလ်မှူးလင်းအောင်က စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။