Home
မေးမြန်းခန်း
“ငြိမ်းချမ်းရေး ဖန်တီးတဲ့နေရာ မှာ လူငယ်မျိုးဆက်သစ်တွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီး ပြီး ပိုထိရောက်မယ်”-နန်းစံနွယ်
DVB
·
September 10, 2023
NSN_10092023

၂၀၂၃ နှစ်အတွက် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ William P. Fuller Fellows အဖြစ်  မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသူတဦးဖြစ်တဲ့ နန်းစံနွယ်ကို အာဖဂန် နဲ့ သီရိလင်္ကာနိုင်ငံသား နှစ် ယောက်တို့နဲ့ အတူ အမေရိကန် အခြေစိုက်  The Asia Foundation က ရွေးချယ်ထားပါတယ်။

အဆိုပါ Fellowship အစီအစဉ်အကြောင်းနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးတည်ဆောင်မှုဖြစ်စဉ်နဲ့ အလားအလာတွေအပေါ် တိုင်းရင်းသား လူငယ်တဦးရဲ့ အမြင်တွေကိုသိရှိနိုင်ဖို့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာအထူးပြု လေ့လာနေတဲ့  နန်းစံနွယ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ)   

မေး။ အာရှဖောင်ဒေးရှင်းရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ William P. Fuller Fellows  အစီအစဉ်အကြောင်း အရင်ဆုံး အကျဉ်းချုပ် မိတ်ဆက် ပြောပြပေးပါလား။ 

ဖြေ။ “ဒီအစီအစဉ်ကတော့ The Asia Foundation ကနေ ပံ့ပိုးတဲ့ ၂၀၀၄ ခုနှစ်ကနေ စတင်ခဲ့တဲ့ အစီစဉ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့  အာရှဒေသတွင်းမှာ တက်သစ်စမျိုးဆက်သစ်တွေ အလားအလာရှိတဲ့ လူငယ် လူလတ် ခေါင်းဆောင်တွေ အနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနဲ့ ပဋိပက္ခတွေကို ကိုင်တွယ် ဖြေရှင်းခြင်းဆိုင်ရာ စွမ်းရည်တွေမြင့်မားလာစေဖို့ ရည်ရွယ်တယ်။  The Asia Foundation  မှာ ၁၅ နှစ်ကြာ ဥက္ကဋ္ဌ အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ Dr. William P. Fuller ရဲ့ဆန္ဒ နဲ့ The Asia Foundation ရဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေး ဆိုင်ရာကိစ္စရပ်တွေကို အကျိုးပြုလိုတဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ရည်ရွယ်ပြီး အစီအစဉ်ကို - William P. Fuller Fellows in Peace building/Conflict Resolution လို့ ခေါ်တွင်ပြီး စတင်ခဲ့ပါတယ်။ အာရှ ဒေသအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ ကိစ္စရပ်တွေမှာ ကဏ္ဍအသီးသီးကနေ ပါဝင်လုပ်ကိုင် အကျိုးပြုနေတဲ့၊ တက်ကြွလှုပ်ရှားသူတွေ၊ သုတေသီတွေ၊ ပညာရှင်နဲ့ မြေပြင်မှာလက်တွေ့လုပ်ဆောင်နေသူတွေ၊ တက်သစ်စ မျိုးဆက်ခေါင်းဆောင်တွေကို Professional development အပိုင်း ဖြည့်စွက်ပံ့ပိုးပေးဖို့ အဓိကရည်ရွယ်ပါတယ်။ အထူးသဖြင့် အရည်အသွေးရှိရှိနဲ့ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့ တကြိမ်ကို fellows  သုံး၊ လေး ယောက်လောက်သာ ခေါ်ယူပါတယ်။”

“အလေးပေး ပံ့ပိုးတဲ့ အပိုင်းကတော့ Network Building လို့ခေါ်တဲ့ Fellows လေ့လာရေးဆုကို ရရှိသူတွေအကြား အချိတ်အဆက်နဲ့ ကမ္ဘာတဝန်းရှိ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းခြင်း၊ အသွင်ပြောင်းခြင်းဆိုင်ရာရပ်ဝန်း (အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၊ အရင်းအမြစ်များ) တွေနဲ့ ချိတ်ဆက်မိစေဖို့ရယ် Professional development လို့ခေါ်တဲ့ fellows တွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးဖို့ရည်ရွယ်ပါတယ်။  အစီအစဉ်ထဲမှာ ပါဝင်တဲ့ လေ့လာသင်ကြား ပံ့ပိုးပေးရေး အစီအစဉ်တွေကတော့ အဓိက ကတော့ သုံးပိုင်းလောက်ပါတယ်။   နံပတ်တစ်ကတော့ ခေါင်းဆောင်မှုနဲ့  စွမ်းဆောင်ရည်ပိုင်း သီအိုရီ သဘောတရားပိုင်းဆိုင်ရာ မြင့်တင့်ရေး (အွန်လိုင်း) သင်တန်းများ ဆွေးနွေးပွဲတွေပါ၊ နောက်တပိုင်းကတော့ အမေရိကန်ကို  ၁၂ ရက်တာ လေ့လာရေးခရီးစဉ်နဲ့ နောက်တပိုင်းက စွမ်းဆောင်ရည်  တိုးတက် မြှင့်တင်ခြင်းဆိုင်ရာ ထောက်ပံ့ကြေး ဒေါ်လာ ၅၀၀၀ လျှောက်ထားဖို့ အခွင့်အလမ်းအစီအစဉ်တွေဖြစ်ပါတယ်။”

မေး။ အခုလို fellows ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လို လျှောက်ထားခဲ့တယ် ဘာကြောင့် ရွေးချယ်ခံရတယ်ဆိုတာ အရင်ဆုံးရှင်းပြပေးပါလား။

“Fellowship ရဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေအပေါ် အခြေခံပြီး ကျမလျှောက်ဖြစ်ရတဲ့ အဓိ အကြောင်းအရင်းကတော့ နှစ်ခု ရှိပါတယ်။ ပထမတခုကတော့ ကျမရဲ့ လက်ရှိ ပါဝင်လုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ အထူးပြု လေ့လာနေတဲ့ သုတေသနလုပ်ငန်း၊ သင်ကြားမှုနဲ့ တခြားသော ပံ့ပိုးမှုဆိုင်ရာ လုပ်ငန်းတွေမှာ အထောက်အကူ ပြုစေဖို့ဖြစ်ပါတယ်။ နောက်တချက်ကတော့ ကျမအနေနဲ့ ရေရှည် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနဲ့ ပဋိပက္ခဖြေရှင်းခြင်း (အထူးသဖြင့် ပဋိပက္ခ အသွင်ပြောင်းခြင်း conflict transformation) ဆိုင်ရာ ကျွမ်းကျင်သူ၊  Practitioner လက်တွေ့‌ အကောင်အထည်ဖော်ဆောင်သူနဲ့ Trainer  တယောက် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ကျမရဲ့ အဓိက မျှော်မှန်းချက်ကတော့ ကျမတို့ နိုင်ငံ လူမှုအသိုင်းအဝိုင်းမှာ နှစ်ပေါင်း ၇၀ ကျော် ခါးစည်းခံနေရတဲ့ မပြီးပြတ်နိုင်တဲ့ ပဋိပက္ခတွေကို အဆုံးသတ်ပေး (သို့) အသွင်ပြောင်းနိုင်မယ့် နည်းလမ်းတွေ  အဖြေတွေကို ရှာကြတဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်နိုင်ဖို့ အကျိုးပြု နိုင်ဖို့ပဲဖြစ်ပါတယ်။”

“ကျမရဲ့ မဟာဘွဲ့ (Master's Degree) ကို Peace and Conflict studies အထူးပြု နဲ့ ၂၀၁၉ မှာ ပြီးထားပါတယ်။  အဲ့မတိုင်ခင် ၂၀၁၄-၂၀၁၇ အကြား စစ်မက်ပဋိပက္ခဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှ စစ်ဒဏ်သင့်ပြည်သူတွေကို ကယ်ဆယ်ရေး၊ ပံ့ပိုးပေးရေးနဲ့ အရပ်သားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ကျောင်းမတက်ခင် ၄ နှစ်လောက် ကွင်းဆင်း လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေက ဒီကဏ္ဍတွေမှာ ပါဝင်ဖို့ တွန်းအား တစ်စုံစရာဖြစ်ခဲ့ပါတယ်။  လက်ရှိကာလမှာလည်း ကျမဟာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေး အင်အားစုတွေကို ဖက်ဒရယ် ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ကြိုးပမ်းနေကြတဲ့နေရာမှာ နည်းပညာနဲ့ အထောက်အကူပြုလုပ်ငန်းတွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတစ်ခုမှာ သုတေသီ တစ်ယောက်အနေနဲ့ လုပ်ကိုင်နေပါတယ်။  ဒီကာလအတွင်းအထူးပြုတဲ့ အကြောင်းအရာတွေကလည်း ပဋိပက္ခအသွင်ပြောင်းခြင်း၊ ဖြေရှင်းခြင်း၊ လူမှုသဟဇာတဖြစ်ခြင်း၊ conflict-sensitivity လို့ခေါ်တဲ့ ပဋိပက္ခအခြေအနေတွေကို ထည့်သွင်းစဉ်းစားခြင်းစတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ အကြောင်းအရာတွေကို အထူးပြု လေ့လာရေးသား အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။”

“မျှော်မှန်းချက်ကတော့ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာနဲ့ ပဋိပက္ခတွေကို အဖြေရှာကြတဲ့ ကြိုးပမ်းမှုတွေမှာ ကျမအနေနဲ့ ထိထိရောက်ရောက် ပါဝင်အကျိုးပြုနိုင်သူ ဖြစ်လိုပါတယ်။ ဒီဆန္ဒကြောင့်ပဲ ကျမက ဒီ Fellowship ကို လျှောက်လိုက်တာပါ။  ဒီလို peace-building and conflict transformations ဆိုင်ရာ ကဏ္ဍမှာ ကျွမ်းကျင်သူ ဖြစ်လာဖို့ လိုအပ်တဲ့ အရင်းအမြစ်၊ အချိတ်အဆက်၊ နည်းပညာတွေနဲ့ ချိတ်ဆက်နိုင်ဖို့ရယ်၊  ဘာသာရပ်ဆိုင်ရာ သီအိုရီတွေ မူဘောင် တွေကိုပိုမိုပြီးတော့ ကျေကျေလည်လည်သိလာဖို့ ဒီ fellowshipက အထောက်အကူ အများကြီးဖြစ်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။”

မေး။ အခုလိုရွေးချယ်ခံရတဲ့အတွက် အမေရိကန်ပြည်ထောင်စုက မြို့ကြီးတွေကို  ၁၂ ရက်ကြာ သွားရောက်ပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးဖလှယ် တာတွေလုပ်ရမယ်လို့ အကြမ်းဖျဉ်းသိရပါတယ်။ အဲဒီမှာ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အဓိက ဘာတွေ ဆွေးနွေးဖလှယ်ဖို့  ပြင်ဆင်ထားပါသလဲ။

ဖြေ။ ။ Fellowship ရဲ့ ရည်ရွယ်ချက်ကတော့  အာရှဒေသတွင်း ငြိမ်းချမ်း‌ရေး တည်ဆောာက်မှုနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကဏ္ဍတွေမှာ ပါဝင်လုပ်ဆောင်နေတဲ့ အလားအလာရှိတဲ့ လူငယ် လူလတ်ပိုင်း ခေါင်းဆောင်တွေကို စွမ်းဆောင်ရည်မြင့်ပေးဖို့  အပြန်အလှန် ချိတ်ဆက်မှုတွေရသွားဖို့နဲ့ အရင်းအမြစ်တွေနဲ့ အချိတ်အဆက်တွေရသွားဖို့ ရည်ရွယ်ပါတယ်။  Fellowship ရဲ့ အစီအစဉ်ကတော့ ၄  ပိုင်းပါတယ်။ ပထမအပိုင်းကတော့ အွန်လိုင်းကနေ တဆင့် အဓိကပြုလုပ်မယ့် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ ခေါင်းဆောင်မှုနဲ့ လုပ်ငန်း အကောင်အထည်ဖော်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးမယ့် သင်တန်းတွေနဲ့  seminars ဆွေးနွေးပွဲတွေပါ။  ဒုတိယအပိုင်းကတော့ လေ့လာရေးနဲ့ တွေ့ဆုံ ဖလှယ်ဆွေးနွေးမှုဆိုင်ရာ ၁၂  ခရီးစဉ်ဖြစ်ပါတယ်။ တတိယ အပိုင်းကတော့ မိမိလုပ်ငန်းနဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုတိုးတက်ကောင်းမွန်စေမယ့် တခြားသော နောက်ဆက်တွဲ သင်တန်းနဲ့ လေ့လာရေးအစီအစဉ်တွေဖြစ်ပါတယ်။ နောက်ဆုံး အပိုင်းလေးကတော့ Fellow တွေရဲ့ စိတ်ဝင်စားရာ စီမံကိန်းတခု ဒါမှမဟုတ် ထပ်ဆောင်း လေ့လာရေးအစီအစဉ်တွေမှာ သင့်လျှော်စွာ  အသုံးပြုနိုင်ဖို့ လျှောက်ထားနိုင်မယ့် Professional Development Fund: လို့ခေါ်တဲ့ စွမ်းဆောင်ရည်ပံ့ပိုးမှုဆိုင်ရာ ထောက်ပံ့ငွေတွေ ပါ ပါတယ်။”

“ဆိုတော့ ဒီ ၁၂ ရက်တာ ခရီးစဉ်မှ အဓိကကတော့  အမေရိကန်ကမြို့တွေမှာ ဥပမာ ဆန်ဖရန်စ္စကိုမှာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေးအဖြေရှာရေးဆိုင်ရာ အဖွဲ့စည်းတွေကို သွားရောက်လေ့လာတာ၊  ကျွမ်းကျင်သူပုဂ္ဂိုလ်တွေဆီက လေ့လာသင်ယူတာ၊ တွေ့ဆုံ တာတွေ ပါမယ်လို့ သိထားပါတယ်။  လေ့လာရေးခရီးစဉ် အသေးစိတ်ကိုတော့ မသိရသေးပါ။  မသွားခင် ဒီနှစ် စက်တင်ဘာလ ဒုတိယပတ်လောက်ကစပြီး seminars တွေ စပြီး တက်ရဖို့ရှိပါတယ်။   ဒီလို seminars တွေနဲ့ ၁၂ ရက်တာ လေ့လာရေးခရီးစဉ်အတွင်း တွေ့ဆုံမှုတွေမှာကတော့ ကျမအနေနဲ့ Conflict Resolution and Conflict Transformation အပိုင်းတွေကို အထူးပြုလေ့လာ ဖို့မျှော်လင့်ထားပါတယ်။ ဒီလို တွေ့ဆုံမှုတွေ အစည်းအဝေးတွေမှာလည်း ကျမတို့ မြန်မာပြည်ငြိမ်းချမ်းရေး ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးဖို့လည်း စဉ်းစားထားပါတယ်။”

“အဓိကကတော့ ၂ ပိုင်းရှိပါတယ်။  ပထမအပိုင်းကတော့ လက်ရှိ ကျမတို့ နိုင်ငံခြေအနေနဲ့ အလုပ်သိပ်မဖြစ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပက်သက်ပြီးတခြား Fellows တွေ ပညာရှင်တွေ အဖွဲ့အစည်းတွေနဲ့ အပြန်အလှန်ဝေမျှ ဖလှယ်ဆွေးနွေးပြီး အကြံတောင်းဖို့ဖြစ်ပါတယ်။  ကျမတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ လို့ပြောရင်တော့ နှစ်ပေါင်းရှည်ကြာ မပြီးပြတ်နိုင်တဲ့ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ပဋိပက္ခက အဓိက ဆွေးနွေးရမယ့်ကိစ္စပါပဲ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုရင်လည်း "ငြိမ်းချမ်းရေး စကားဝိုင်းတွေ့ဆုံမှု"လို့ကြားရင် အခုက လူတွေ နှာခေါင်း ရှုံ့ရလောက်အောင် ဖြစ်နေကြပါတယ်။ ဒါကလည်း ဘယ်တုန်းကမှ အလုပ်မဖြစ် မအောင်မြင်ခဲ့တဲ ဖြစ်စဉ်တွေကြောင့်ပါပဲ။ ဆိုတော့ ဒီခရီးစဉ်အတွင်းမှာတခြား Fellows တွေ၊ ပညာရှင်တွေနဲ့  ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေး အဖြေရှာရေး ဆိုင်ရာ institutions  တွေ အဖွဲ့စည်တွေရဲ့ လက်ရှိလုပ်ဆောင်နေတာ သူတို့ရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေအပေါ် အခြေခံပြီ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် အမြင်နဲ့သင့်တော်တဲ့  ပဋိပက္ခကို ကိုင်သွယ်ဖြေရှင်း ချဉ်းကပ်တဲ့ ပုံစံတွေကို ဖလှယ်ဝေမျှ ဆွေးနွေး အကြံတောင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်၊ စဉ်းစားထားပါတယ်။ ဒုတိယအနေနဲ့ကတော့ အမေရိကန်အပါအဝင် သက်ဆိုင်တဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ ကဏ္ဍတွေမှာ ထဲထဲဝင်ဝင် ပံ့ပိုးလုပ်ကိုင်နေတဲ့ အစုအဖွဲ့ တွေကို မြန်မာနိုင်ငံ ရဲ့ ပဋိပက္ခ ဖြေရှင်းရေး နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အဓိပ္ပါယ်ရှိပြီး ထိရောက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ တုံ့ပြန်ဆောက်ရွက် အဖြေရှာခြင်းလုပ်ငန်းတွေ (engagements, empowerments, conflict analysis) ကြိုးပမ်းမှုတွေကို နည်းပညာပိုင်း၊ ငွေကြေးအပိုင်းနဲ့  တခြားသော လှုပ်ရှားမှုအပိုင်းတွေမှာ ပံ့ပိုးပေးဖို့ တိုက်တွန်းအကြံပြုတာတွေလုပ်ဖို့ စဉ်းစားထားပါတယ်။”

မေး။ လက်ရှိ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တဲ့ လမ်းကြောင်းကို မျိုးဆက်သစ်လူငယ်တွေက ရွေးချယ်ပြီး တိုက်ပွဲဝင်နေကြတယ်။ ဒီအခြေအနေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေက  အလုပ်ဖြစ်မယ်လို့ ထင်ပါသလား ဘယ်လို မြင်လဲ။ နောက်ပြီး မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးကတည်းက  လက်နက်ကိုင် ပဋိပက္ခတွေ စဖြစ်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်နေပြီ အစိုးရအဆက်ဆက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ခဲ့တာလည်း ထောင်နဲ့ ချီနေပြီ  ခုအချိန်အထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရသေးတဲ့ အဓိက အကြောင်းအရင်းက ဘာတွေဖြစ်မယ် ထင်ပါသလဲ။

ဖြေ။ “ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပဋိပက္ခကို ကိုင်တယ်တဲ့သမိုင်းကို ကြည့်ရင်  စစ်ဓလေ့ကို အားပေးတဲ့ အင်အားနဲ့ အကြမ်းဖက်မှုကိုသာ အသုံးပြုတဲ့ စနစ်နဲ့ ချဉ်းကပ်ပုံကသာ ကြီးစိုးနေတာ ကိုတွေ့ရပါတယ်။  လက်ရှိအခင်းအကျင်းမှာ စစ်အာဏာရှင်ကို (လက်နက်ကိုင်လမ်းစဉ် အပါအဝင်) နည်းလမ်းမျိုးစုံနဲ့ တော်လှန် အာခံကြတာတွေ့ရတယ်။ တော်လှန်ကြတဲ့နေရာမှာ လက်နက်ကိုင်လမ်းစဉ်ဘက်ကို ရွေးချယ်ကြခြင်းရဲ့ အကြောင်းတရားကလည်းရှိပါတယ်။  အဓိက အရင်းခံပြဿနာကတော့ အားလုံးသိကြတဲ့ အတိုင်းပါဘဲ။ အင်အားကို အလွန်အကျွံသုံးတဲ့ စစ်ဓလေ့ကိုအားပေးတဲ့ အင်အားရှိသူကိုသာ မျက်နှာသာပေးတဲ့ အာဏာရှင်အဆက်ဆက်ရဲ့ နည်းဗျူဟာနှိပ်ကွပ်မှုရဲ့ တန်ပြန် ဆိုးကျိုးရလဒ်တွေဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ တော်လှန် တော်လှန်၊ တော်လှန်ကြရခြင်းရဲ့ အကြောင်းတရားကတော့ ဖိနှိပ်မှုရှိလို့ ဖြစ်ပါတယ်။ တော်လှန်ကြတာရဲ့ ရည်မှန်းချက် ဉီးတည်ချက်ကတော့ ငြိမ်းချမ်းရေး တနည်းအားဖြင့် တရားမျှတပြီး လွတ်လပ်တဲ့ တန်းတူညီမျှမှုရှိတဲ့ လူမှုအသိုင်းအဝန်းကို ရရှိဖို့  ရည်ရွယ်ကြတာပဲဖြစ်ပါတယ်။  ကျမတို့ လိုချင်တဲ့ "ငြိမ်းချမ်းပြီး တရားမျှတကာ တန်းတူညီမျှမှု " ရှိတဲ့ အခြေအနေကို အထိရောက်ဆုံး တော်လှန်တဲ့နည်းလမ်းကိုတော့ ကျမတို့ ရှာဖွေဖော်ထုတ် အသုံးပြုဖို့ လိုပါတယ်လို့ မြင်ပါတယ်။”

“နောက်တချက်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေ ဒီအခင်းအကျင်းမှာ အလုပ်ဖြစ်မဖြစ်ဆိုတဲ့ စဉ်းစားချက်နဲ့ မေးခွန်းဖြစ်ပါတယ်။" ငြိမ်းချမ်းရေး"  ဆိုတဲ့ စကားလုံးဝေါဟာရကတော့ ကျမတို့ မြန်မာနိုင်ငံမှာ တောက်လျှောက် ပုံဖျက် အသုံးချခံလာရတဲ့ စကားလုံးဖြစ်ပါတယ်။  နိုင်ငံရေးသမားတွေ အာဏာရှင်တွေ ခေါင်းဆောင်တွေ အုပ်စုတွေက ခေတ်အဆက်ဆက် "ငြိမ်းချမ်းရေး" ဆိုတဲ့ စကားလုံးကို အကာအကွယ်ယူ အမည်ခံ ဖော်ဆောင်လာခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှု၊ ညှိုနိုင်းမှုတွေ အပေးအယူလုပ်တာတွေကို ခေတ်အဆက်ဆက်ဖော်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ မအောာင်မြင်ခဲ့ပါဘူး။  ဒါကြောင့် လဲ " ငြိမ်းချမ်းရေး" ဆိုတဲ့ စကားက အများ နှာခေါင်းရှုံ့စရာ ဖြစ်လာပါတယ်။ ဒေါက်တာအောင်ခင် ရယ်၊ တိုင်းရင်းသားနဲ့ ပဋိပက္ခအရေးကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ဘာတေးလ်လစ်တနာတို့ ပြောခဲ့တဲ့စကားအတိုင်းပါပဲ မြန်မာနိုင်ငံရဲ့ "ယာယီအပစ်ခတ်ရပ်စဲရေးအခြေခံ" ငြိမ်းချမ်းရေး ဖြစ်စဉ်တွေက စစ်အာဏာရှင်တွေ အသက်ရှုချောင်ဖို့၊ အာဏာပါဝါတည်မြဲဖို့အတွက်ကိုပဲ အဓိကထားဒီဇိုင်းဆွဲထားတာ ဖြစ်တယ်။  အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးမှု အရင်းခံပြဿနာတွေကို အဖြေရှာတာထက် အပေါ်ယံပြဿနာနဲ့ အကျိုးအမြတ် အခြေပြု အပေးအယူအပေါ်သာ အခြေခံထားတာမို့နှစ်ပေါင်းကြာရှည်ပြီဖြစ်တဲ့  ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပါဘူး ဆိုတာပဲဖြစ်ပါတယ်။”

“အဓိကပြောချင်တာကတော့ ခေတ်အဆက်ဆက် သုံးလာတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ပဲ သွားကြမယ် နည်းလမ်းဟောင်းပဲ သုံးမယ်ဆိုရင်တော့ အလုပ်မဖြစ်ပါဘူး။ ပဋိပက္ခကို အဖြေရှာကြတဲ့ ကြိုးပမ်းမှုတွေ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းတွေက ဘယ်အခင်းအကျင်းမှာမဆို လုံးဝကို လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေပါ။ စစ်တိုက်နေရင်းနဲ့လည်း  ဆွေးနွေးညှိနှိုင်း ငြင်းခုန်နေကြတာပါပဲ။ ဒါပေမဲ့ နည်းလမ်းဟောင်းပဲဖြစ်တဲ့ အရင်းခံပြဿနာတွေကို လျစ်လျူရှုမယ်၊ အပေါ်ယံပြဿနာတွေကိုပဲ အာရုံစိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်တွေ အာဏာရှင်တွေရဲ့ အကျိုးအမြတ်ကိုသာ အခြေခံမယ်၊ အပေးအယူ မက်လုံးပေးတဲ့ ချဉ်းကပ်မှုပုံစံ ဟောင်းကြီးနဲ့ပဲသွားမယ်၊ တကယ့်ပဋိပက္ခဇာစ်မြစ်ကို အသိအမှတ်မပြုဘူး။ အဓိပ္ပါယ်ရှိတဲ့ အားလုံးပါဝင်တဲ့  နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုတွေကို မလုပ်ဘူး ဒီနည်းဟောင်းတွေကို ဆက်အသုံးပြုမယ်ဆိုရင်တော့ ဘာခေါင်းစဉ်ပဲပေးပေး ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်လည်း ပြည်တွင်းစစ် ပဋိပက္ခက ဆက်ဖြစ်နေပါမယ်။ အလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတာကို အားလုံးသိပြီးသား ဖြစ်ပါတယ်။ နောက်တစ်ခုက "ငြိမ်းချမ်းရေးစကားဝိုင်း (သို့) ငြိမ်းချမ်းရေး တည်ဆောက်ခြင်းလုပ်ငန်းစဉ်တွေက" အလုပ်ဖြစ်မလား မဖြစ်ဘူးလားဆိုတဲ့ မေးခွန်းထက် နည်းဟောင်းတွေဖြစ်တဲ့ အရင်းခံပြဿနာကို လျစ်လျူရှုတဲ့၊ အားလုံးမပါတဲ့၊ အထက်က ခေါင်းဆောင်တွေ အင်အားစုအာဏာရှိသူတွေအကြား အကျိုးစီးပွားအခြေခံ အပေးအယူ ကိစ္စရပ်တွေကိုသာ အာရုံပြုတဲ့ " ငြိမ်းချမ်းရေး"အမည်ခံ တွေ့ဆုံမှုတွေက အလုပ်ဖြစ်မလာ၊ နည်းလမ်းမှန်သလား၊ ချဉ်းကပ်တဲ့ ပုံစံမှန်သလား၊ စိတ်ရင်းစေတနာ တကယ်ရှိသလားဆိုတဲ့ မေးခွန်းမျိုးကိုသာ နာနာထုတ်ကြဖို့လို့ တယ်လို့ မြင်ပါတယ်။”

မေး။ စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးနဲ့ လူနည်းစု တိုင်းရင်းသား အရေး လှုပ်ရှားမှုတွေရဲ့ အခြေအနေကို ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ “ကျမအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးနဲ့ လူနည်းစုတိုင်းရင်းသားအရေး လှုပ်ရှားမှုတွေရဲ့ အခြေအနေကို  အပိုင်း ၂ ပိုင်းအနေနဲ့ ရှုမြင်ပါတယ်။ ပထမအပိုင်းကတော့ ပိုပြီးဆိုးရွားလာတဲ့ ကန့်သတ်မှုရှိလာတဲ့အပိုင်း နဲ့ ဒုတိယတစ်ပိုင်းကတော့ တိုးတက်ကောင်းမွန်လာတဲ့ မျှော်လင့်ချက်ရှိလာတဲ့ အပိုင်းတချို့တွေလည်း ရှိတာကို ကျမရဲ့ ပုဂ္ဂလအမြင်အနေနဲ့  သတိပြုမိပါတယ်။ ပထမအပိုင်းက မြန်မာနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးနဲ့ လူနည်းစု တိုင်းရင်းသားအရေးလှုပ်ရှားမှုတွေဟာ လုံခြုံရေးအရ လွတ်လပ်စွာပြောဆိုလှုပ်ရှားခွင့် နည်းပါးလာတာနဲ့ ဦးစားပေးမခံရတော့တာပါ။  အမျိုးသမီးနဲ့ တိုင်းရင်းသား အရေးကိစ္စတွေကတော့ တခြားသော နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေ လှုပ်ရှားဆောင်ရွက်နိုင်တဲ့ အခြေအနေတွေနည်းတူ လုံခြုံရေးအရ ကန့်သတ်ချက်တွေ ရှိလာပါတယ်။ ဒါကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ Militarization လို့ခေါ်တဲ့ စစ်ဓလေ့နဲ့ လက်နက်ကိုင်ဆောင်တဲ့သူတွေ ပိုအားကောင်းလာ များလာတော့ အမျိုးသမီးအရေး တိုင်းရင်းသားအရေးနဲ့ တခြားသော လယ်ယာမြေကိစ္စတွေအပါအဝင် လှုပ်ရှားဆောင်ရွက်မှုတွေက_ ကန့်သတ်ချက်ရှိလာပါတယ်။  လက်နက်ကိုင်ဆောင်တဲ့ အစုအဖွဲ့တွေကို လွတ်လပ်စွာ အာဏာဖီဆန်ဆန့်ကျင်ပြောဆိုဖို့ ခက်လာပါတယ်။ အန္တရာယ်လည်း ရှိလာပါတယ်။ နောက်တတချက်က အမျိုးသမီးနဲ့ တိုင်းရင်းသားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ လှုပ်ရှားမှုတွေကတော့ လက်ရှိ အခင်းအကျင်းမှာ ဦးစားပေးခံရမှုတွေနဲ့ လှုပ်ရှားဆောင်ရွက်နိုင်စွမ်းတွေက နည်းပါးလာပါတယ်။ ဒါကလည်း အကြောင်းရင်းနှစ်ခုရှိပါတယ်။”

“ပထမဆုံးတစ်ခုက တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ပွဲဒဏ်နဲ့ စီးပွားလူမှု ခြွတ်ခြုံကျနေတဲ့ ဒဏ်ကို ခါးစည်းခံနေရတဲ့နေရာမှာ အမျိုးသမီးထုတွေက ထိပ်ဆုံးကနေ ခံစားကြရပါတယ်။ ပဋိပက္ခဒဏ်သင့်တဲ့ ဒေသတွေမှာ အိုးအိမ်စွန့်ခွာပြေးရတဲ့ဒဏ်၊ မိသားစုလုံခြုံရေး၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်တွေကိုလည်း ပိုမိုခံစားရပါတယ်။ တချို့တိုင်းရင်းသားအရေး၊ အမျိုးသမီးအရေးနဲ့ လူမှုနိုင်ငံရေးဆိုင်ရာ တက်ကြွလှုပ်ရှားနေသူကိုတိုင် စစ်ဘေးရှောင်ဖြစ်သွားရတဲ့ ကိုယ့်ရဲ့လုံခြုံရေးနဲ့ စားဝတ်နေရေးဖူလုံဖို့ကိုသာ အာရုံပြုနေကြရပါတယ်။ ဆိုတော့ သူတို့ အနေနဲ့ ထဲထဲဝင်ဝင် အရင်လို လှုပ်ရှားဆောင်ရွက် ပါဝင်တာတွေ မလုပ်နိုင်ကြတော့ပါဘူး။   နောက်တချက်က လက်ရှိအခင်းအကျင်းမှာ ပံ့ပိုးပေးသူ Donors အလှူရှင်တွေအနေနဲ့လည်း  လူနည်းစု တိုင်းရင်းသားအရေး၊ အမျိုးသမီးအရေး လှုပ်ရှားမှုတွေကို လုပ်နေတဲ့ လုပ်ဆောင်ချက်နဲ့ အဖွဲ့အစည်းတွေကို ဦးစားပေးတာထက်  Emergency needs ချက်ခြင်းလက်ငင်း အရေးပေါ်လိုအပ်နေတဲ့ Humanitarian နဲ့ အခြေခံ လိုအပ်ချက်တွေကို ပံ့ပိုးတဲ့ လုပ်ငန်းတွေကိုသာ ပိုပြီး အလေးပေး ပံ့ပိုးကြပါတယ်။”  

“ပိုမိုတိုးတက်ကောင်းမွန်လာတဲ့အပိုင်းကတော့ အထက်မှာထောက်ပြထားသလို အမျိုးသမီးနဲ့ လူနည်းစုတိုင်းရင်းသား အရေးဆိုင်ရာလှုပ်ရှားမှုတွေ ဦးစားပေး ပံ့ပိုးမှုဆိုင်ရာ ကန့်သတ်မှုတွေရှိလာတဲ့အပိုင်းတွေ ရှိနေပေမဲ့ တစ်ဖက်မှာကလည်း အာဏာသိမ်းမှုအပြီး တိုင်းရင်းသားအရေး၊ လူနည်းစုအရေးနဲ့ ဒီ ကျား/မ တန်းတူရေး ကိစ္စရပ်တွေကို လူထုတွေအနေနဲ့ သိမှုနဲ့ နားလည်မှုတွေ လက်ခံမှုတွေကတော့ တိုးပွားလာပါတယ်။ ဒါက ကျွဲကူးရေပါ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ လူထုအများစု အထူးသဖြင့် ပြည်မက လူထုတွေ နိုင်ငံရေး တော်လှန်ရေး အင်အားစုတွေအနေနဲ့ တိုင်းရင်းသားတွေရဲ့ မကျေနပ်ချက်နဲ့ ခံစားချက်တွေကို နားလည်လာကြပါတယ်။ သိရှိဖို့လည်း လိုအပ်လာပါတယ်။ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေး တန်းတူရေးတို့ကို ဒွန်တွဲပြီးဖော်ဆောင်ကြမှ မိမိတို့လိုချင်တာကို ရနိုင်မယ်ဆိုတာကို နားလည်လာကြတယ်လို့ မြင်ပါတယ်။ အဲလို့ပဲ ကျားမတန်းတူရေး ကိစ္စရပ်တွေ၊ အရေးပါမှုတွေကို အသိအမှတ်ပြု ပြောဆိုတောင်းဆိုလာကြတာတွေကို social media တွေ ဆွေးနွေးပွဲတွေမှာ တွေ့လာရပါတယ်။ အဖွဲ့အစည်း ဆိုင်ရာလှုပ်ရှားမှုဆိုင်ရာ မူဘောင် ပေါ်လစီတွေ လုပ်ငန်းစဉ်တွေမှာ ထည့်သွင်း စဉ်းစားလာကြတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့လက်တွေ့ မှာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့တော့ အများကြီးလိုအပ်နေပါသေးတယ်။”

မေး။  မြန်မာပြည်ရဲ့  ငြိမ်းချမ်းရေးအလားအလာကိုရော ဘယ်လို မြင်ပါသလဲ မြန်မာပြည်ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက် ရှိသေးလား။ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ။ “အထက်က ဆွေးနွေးသွားသလိုပါပဲ တကယ်လို့ နည်းလမ်းဟောင်းဖြစ်တဲ့ အရင်းခံ ပြဿနာတွေကိုလျစ်လျူရှုတာ၊ အပေါ်ယံအကျိုးစီးပွားအခြေခံ အပေးအယူ ချဉ်းကပ်မှု ပုံစံနဲ့ပဲ ဆက်သွားမယ်၊ အဓိပ္ပါယ်ရှိတဲ့  အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ မပါဘူးဆိုရင်တော့ ပြည်တွင်းစစ်နဲ့ ပဋိပက္ခက ဆက်ရှိနေဦးပါမယ်။  ငြိမ်းချမ်းရေး (သို့) တရားမျှတမှုရှိတဲ့၊ လွတ်လပ်ပြီး တန်းတူညီမျှမှုရှိတဲ့ လူမှုအသိုက်အဝန်းနိုင်ငံကို ဖော်ဆောင်ဖို့ အာဏာရှင်အစုအဖွဲ့နဲ့ သက်ဆိုင်ရာပါဝင်သူတွေက မှန်ကန်တဲ့ စိတ်ဆန္ဒရှိမယ်၊ နည်းလမ်းမှန်စွာ ဖော်ဆောင်ကြမယ်ဆိုရင်တော့  မျှော်လင့်ချက်ရှိပါတယ်။ ဒီလို နည်းလမ်းမှန်စွာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနဲ့ ပဋိပက္ခတွေကို အဖြေရှာနိုင်ဖို့ အပေါ်ပိုင်းက အစုအဖွဲ့တွေ ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေ လုပ်ဆောင်မှုပုံစံတွေ အလိုလိုနေရင်း စပြီး (top-down) ပုံစံပြောင်းလဲလာတာကို စောင့်နေတာထက် အောက်ခြေမှ အထက်ပုံစံကို သွားတဲ့  (bottom-up) ပုံစံကိုလည်း စဉ်းစားကြည့်ကြဖို့ ဖိဖိစီးစီးနဲ့ လုပ်ကြည့်ကြဖို့ လိုအပ်ပါတယ်။   အောက်ခြေကနေ အထက်ကိုသွားတဲ့ ငြိမ်ချမ်းရေးတည်ဆောက်ခြင်းပုံစံက ကျမတို့လို အမျိုးသမီးတွေ၊ လူငယ် လူလတ်တွေ။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှု လုပ်ကိုင် ပါဝင်နိုင်စွမ်းတွေထဲမှာ ပိုရှိပါတယ်။  ရေရှည်မှာ ပိုပြီးအလုပ်ဖြစ်မယ် ထိရောက်မယ်လို့ ထင်ပါတယ်။” 

“ခေါင်းဆောင်တွေ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အစုအဖွဲ့တွေရဲ့ လုပ်ပုံကိုင်ပုံ ဆုံးဖြတ်ချက်တွေကသာ ကိစ္စရပ်တော်တော်များများကို သက်ရောက်နိုင်တယ်ဆိုပေမဲ့၊ ဒီအထက်အလွှာရဲ့ စိတ်ဆန္ဒတွေ အလိုလိုနေရင်း ပြောင်းလဲလာဖို့ ခက်ခဲတာ၊ ကန့်သတ်ချက်ရှိတာကို ကျမတို့ အတွေ့အကြုံတွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုတွေ လူငယ်တွေ အရပ်ဘက်အဖွဲ့အစည်းတွေ ပညာရှင်တွေ အနေနဲ့ ကျမတို့နိုင်ငံရဲ့ ပဋိပက္ခအရင်းအမြစ်တွေကို ပိုမိုသိရှိကြမယ်၊ အသိအမှတ်ပြုလက်ခံကြမယ်၊ ဒါတွေကို အဖြေရှာတဲ့နေရာမှာ ခေါင်းဆောင်တွေ အစုအဖွဲ့တွေကိုလည်း တွန်းအားပေး ထိန်းကျောင်း နိုင်စွမ်းရှိကြမယ်ဆိုရင်တော့ "ငြိမ်းချမ်းရေး" အတွက် မျှော်လင့်ချက်ရှိပါတယ်။ ကျမတို့ရဲ့ နိုင်ငံလူမှုရေး စနစ်တွေထဲမှာ အတွေးအခေါ် သဘောထားအမြင်နဲ့ ဆက်ဆံရေးတွေထဲမှာရှိနေတဲ့ မတရားတဲ့ ဖိနှိပ်မှု‌တွေ၊ နိုင်ထက်စီးနင်းပြုတဲ့ အလေ့အထတွေ၊ ပေါ်လစီတွေ၊ အမြင်တွေကို သိရှိဖော်ထုတ် အသိအမှတ်ပြုပြီး ပြောင်းလဲသွား အောင်လုပ်တာလည်း ပြောင်းလဲမှုကို ဖော်ဆောင်တာ ငြိမ်းချမ်းရေးတည်ဆောက်တာ ဖြစ်ပါတယ်။

ဒီလို လူထုတွေ လူငယ်တွေကနေ စပြီး သိရှိနားလည် ဖော်ဆောင်သွားတဲ့ ပုံစံနဲ့လည်း အောက်ခြေကနေ အထက်ဘက်ခေါင်းဆောင် အစုအဖွဲ့တွေကို တွန်းအားပေးတဲ့ပုံစံနဲ့ စနစ်ပိုင်း ဆက်ဆံရေးနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို ဖော်ဆောင်သွားနိုင်မယ်လို့ ကျမယုံကြည်ပါတယ်။”

မေး။ နောက်ဆုံးအနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပတ်သက်ပြီး လူငယ်မျိုးဆက်သစ်တွေကို ဘယ်လို သတင်းစကားပါး ချင်ပါသလဲ။

ဖြေ။ " ငြိမ်းချမ်းရေးဆိုတာက ကျမတို့နိုင်ငံမှာ နိုင်ထက်စီးနင်းလုပ်တာတွေကို အားမပေးတဲ့ စနစ်ရှိနေတာ၊ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့၊ သဟဇာတဖြစ်ပြီး အပြန်အလှန် နားလည်အသိအမှတ်ပြု သည်းခံမှု အားကောင်းတဲ့ လူမှုအသိုက်အဝန်းကို ရည်ရွယ်တယ်လို့ ကျမတော့ နားလည်ထားတယ်။ ဒီလူမှုအသိုက်အဝန်းကိုသာ ကျမတို့ အားလုံးလိုချင်တယ်လို့ ယုံကြည်ပါတယ်။ ဒီလို ငြိမ်းချမ်းမှုရှိတဲ့ အခြေအနေကို ဖန်တီးတဲ့နေရာမှာ လူငယ်နဲ့ မျိုးဆက်သစ်တွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးပြီး ပိုထိရောက်မယ်လို့ မြင်ပါတယ်။ လူကြီးတွေနဲ့ လူငယ်တွေအကြား နှိုင်းယှဉ်လိုက်ရင် ကျမတို့ လူငယ်လူလတ် မျိုးဆက်သစ်တွေက ဒီနိုင်ငံ  ဒီလူမှုအသိုင်းအဝန်းထဲမှာ ဆက်လက်နေထိုင်ကျင်လည်သွားဖို့ အချိန်ပိုကျန်ပါတယ်။ ဆိုတော့ ကျမတို့ရဲ့ လက်ရှိနဲ့ အနာဂတ် လူမှုအသိုက်အဝန်း၊ နိုင်ငံကိုဖော်ဆောင်တဲ့နေရာမှာ ကျမတို့ ကိုယ်တိုင်သိမှ ပါဝင်မှ ရပါမယ်။ လူကြီးနဲ့ အထက်ပိုင်းအလွှာကအုပ်စုနဲ့ ပုဂ္ဂိုလ်တွေကိုသာ အားကိုးလို့ စောင့်နေလို့ မရပါဘူး။ အထူးသဖြင့် ဘယ်ခြေအနေကို ဦးတည်မလဲဆိုတာကို သိနေတဲ့ လမ်းဟောင်းကိုပဲဆက်ခေါ်သွားတယ်ဆိုရင် ကျမတို့ လူငယ်မျိုးဆက်သစ်တွေက မောင်းသူနေရာကို ဝင်ယူရမဲ့ ထိန်းကျောင်း ဖိအားပေးရမယ့် တာဝန်ရှိတယ်လို့ မြင်ပါတယ်။ အနည်းဆုံး ကျမတို့ ဘယ်ကို ဦးတည်ချင်သလဲ ဆိုတဲ့ ဦးတည်ချက် ကိုလည်း ကောင်းကောင်းသိထားရပါမယ်။ ဆိုတော့ ကျမတို့ လူငယ်မျိုးဆက်သစ်တွေအနေနဲ့ နည်းလမ်းဟောင်း ချဉ်းကပ်မှု ပုံစံအဟောင်းတွေကို မေးခွန်းထုတ်ဖို့၊ ဖက်ဒရယ်အရေး ဒီမိုကရေစီအရေးတွေကို ကောင်းမွန်စွာသိရှိ လေ့လာကြဖို့။ ငြိမ်းချမ်းရေး တော်လှန်ရေး ဖြစ်စဉ်တွေ တွေ့ဆုံမှုတွေကို မေးခွန်ထုတ် ထိန်းကျောင်းကြတဲ့ နေရာမှာ ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။”

“နောက်တခုက လူငယ်မျိုးဆက်သစ်တွေအနေနဲ့ ကျမတို့ လိုချင်တဲ့ လူမှုအသိုက်အဝန်းက တရားမျှတတဲ့ လွတ်လပ်တဲ့ တန်းတူညီမျှမှုရှိတဲ့ အပြန်အလှန် အသိအမှတ်ပြု လေးစားတဲ့ အသိုက်အဝန်းကို လိုချင်တာဖြစ်တဲ့အတွက် ကျမတို့ ကိုယ်တိုင် အဲ့ဒီအလေ့အကျင့်တွေကို ဒီကစလေ့ကျင့် မွေးမြူသွားဖို့ လိုအပ်ပါတယ်။  ကျမတို့ စုံလင်ကွဲပြားတဲ့ လူအုပ်စု လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းအချင်းချင်းအကြား အပြန်အလှန် ညှိနှိုင်းပြီး အပြန်အလှန်လေးစားတဲ့ပုံစံနဲ့ ကျမတို့ လိုချင်တဲ့ တရားမျှတပြီး တန်းတူညီမျှတဲ့ သဟဇာတဖြစ်တဲ့ လူမှုအသိုက်အဝန်းကို အခုကတည်းက ကျင့်သုံးသွားလို့ ရပါတယ်လို့ နောက်ဆုံးအနေနဲ့ ပြောလိုပါတယ်။”

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024