Home
မြန်မာသတင်း
မြန်မာ့ထောပတ်သီးကို ​ဘာရိန်းဝယ်ယူမည်
DVB
·
September 10, 2023
376572293_231956929815702_1063354302426884554_n

မြန်မာနိုင်ငံကထွက်ရှိတဲ့ ထောပတ်သီးတွေကို ဘာရိန်းနိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူတွေဆီက သိရပါတယ်။

အိန္ဒိယအခြေစိုက် Riyara ကုမ္ပဏီက တဆင့်ကမ်းလှမ်းထားတာဖြစ်ပြီး အဲဒီ ကုမ္ပဏီတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ၊ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများ အသင်း (MAVO) နဲ့ တခြားအာဏာပိုင်တွေဟာ နေပြည်တော်နဲ့ ရှမ်းပြည်နယ်မှာ သြဂုတ်လတုန်းက တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းရှင်တယောက်က "ထောပတ်သီးဝယ်တဲ့ နိုင်ငံအရေအတွက်များလေ စျေးကောင်းရလေ ဖြစ်တဲ့အတွက် ကျနော်တို့ကြိုဆိုပါတယ်။ ဘာရိန်းကိုတင်ပို့မှာကလည်း သူတို့ကမ်းလှမ်းထားတာကို အခု ဆွေးနွေးနေတုန်းပဲ ရှိသေးတာ။ နောက်လ အစမ်းပို့လို့ အဆင်ပြေတယ်ဆိုရင်တော့ ပို့လို့ရပြီပေါ့။ မြန်မာပြည်ထွက်သီးနှံတွေက ပြည်ပကိုတင်ပို့မရဘဲ စျေးကွက်ပျက်နေချိန်မှာ ဒီလို သတင်းကြားရတာ ကျနော်တို့အတွက် ဝမ်းသာစရာပါပဲ" လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ထောပတ်သီးတန်ချိန် ၁၀၀၀ ကို ဝယ်ယူဖို့ အိန္ဒိယက ဇူလိုင်လမှာ ကမ်းလှမ်းခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

ထောပတ်သီးကို နိုင်ငံခြားစျေးကွက်ကို တင်ပို့နိုင်တာဟာ လက်ရှိ စျေးကောင်းမရတဲ့ ထောပတ်သီးအတွက် စျေးကောင်းရလာမှာကို မျှော်လင့်ရတယ်လို့ စိုက်တောင်သူတယောက်က ပြောပါတယ်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှာ ထောပတ်သီးတန်ချိန် ၃,၀၀၀ အထိ ထွက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများအသင်း(MAVO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာပြည်ထွက် ထောပတ်သီးကို တရုတ်၊ ထိုင်း၊ မလေးရှား၊ ယူအေအီး၊ စင်ကာပူ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ကိုလည်း တင်ပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ စိုက်ပျိုးကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024