Home
မြန်မာသတင်း
ထားဝယ်ခရိုင်အတွင်း အဝေးပြေးလမ်းများတွင် ညပိုင်းခရီးမသွားရန် အသိပေး
DVB
·
September 9, 2023
376521367_1333506257541901_1410190541550331591_n

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက အဝေးပြေးကားလမ်းတွေမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ညပိုင်းခရီးမသွားကြဖို့ ထားဝယ်ခရိုင်အတွင်းအခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဩဂုတ်လနောက်ဆုံးအပတ်နဲ့ အခု စက်တင်ဘာ လဆန်းမှာ အသိပေးကြေညာချက်တွေ ထုတ်ပြန်လာပါတယ်။

ရန်ကုန်-ထားဝယ်လမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ကလိန်အောင် အခြေစိုက် ရွှေဘီလုံး PDF အဖွဲ့၊ ထားဝယ်ခရိုင် PDF တပ်ရင်း (၁) နဲ့ ရေဖြူ ပကဖ အဖွဲ့တို့က အခုလို သတိပေးချက်တွေ ထုတ်ပြန်တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်တွေမှာ ညပိုင်းခရီးမသွားကြဖို့အပြင် စစ်ကောင်စီယာဉ်တန်းတွေနဲ့ အနီးကပ်သွားလာတာမပြုဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ဆေးမှုကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ စတဲ့ အချက်တွေလည်းပါဝင်ပါတယ်။

ထားဝယ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း(၁) တာဝန်ခံ က "အခုအချိန်က လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်မြင့်မားနေတဲ့ အခြေအနေ ဖြစ်နေတော့ နောက်ထပ် ကြေညာချက်မထုတ်ပြန်ခင်အထိလို့ လိုက်နာပေးဖို့ သတ်မှတ်ထားပါတယ်။ ဒါကလည်း ပြည်သူတွေ ဘေးကင်းလုံခြုံစေရေး ပြည်သူထိခိုက်မှု မဖြစ်ပေါ်စေရေးအတွက် ရှေးရှုပြီး ထုတ်ပြန်ရ‌တဲ့သဘောပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

အခု ညပိုင်းခရီးမသွားဖို့ အသိပေးထားတဲ့ ထားဝယ်ခရိုင်လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာကို မကြာခဏခံနေရပြီး စစ်ယာဉ်တန်းတွေလည်း မိုင်းဆွဲတိုက်ခိုက် ခံရတာတွေ ရှိပါတယ်။

စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းက အဲဒီလမ်းပိုင်းမှာရှိတဲ့ ဘုရားမဲစစ်ကောင်စီဂိတ်ကို ဥသြစစ်ကြောင်းက လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024