မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်က ကျွဲနွားတွေမှာ သွပ်ရောဂါ ဖြစ်ပွားတာများလာလို့ ရောင်းချတာ၊ အမဲပေါ်တာတွေ မလုပ်ဖို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
သွပ်ရောဂါလို့ ခေါ်တဲ့ Lumpy skin disease ဟာ ခြင်၊ မှက်အကိုက်ခံရတာကနေ ဗိုင်းရပ်စ်ဝင်ပြီး စတင်ဖြစ်ပွားတာဖြစ်တယ်လို့ ဆရာဝန်တွေဆီက သိရပါတယ်။
ဩဂုတ်လနှောင်းပိုင်းကတည်းက စတင်ဖြစ်ပွားနေတာဖြစ်ပြီး နွားအကောင်ရေ ၂၀၀ ကျော် ကူးစက်ခံထားရတယ်လို့လည်း သိရပါတယ်။
မြို့နယ် တိမွေးကု ဆရာဝန်က “ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဆိုတော့ နွားတွေ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ရတယ်၊ အနာတွေကို လောက်မတွယ်အောင် ဆေးပေးရတယ်။ သူတို့က ဒီအနာဖြစ်ရင် အရမ်းပူတော့ ရေနိုင်နိုင်ချိုးပေးရတယ်” လို့ ပြောပါတယ်။
ဆောမြို့နယ်ဟာ စစ်ရေးမတည်ငြိမ်တဲ့အတွက် လူတွေစစ်ဘေးတိမ်းရှောင်ကြရတဲ့ အခါ ကျွဲ၊ နွားတွေကို ဘေးမဲ့လွှတ်ခဲ့ရတဲ့အတွက် အခုလို ရောဂါတွေ အဖြစ်များ နေရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ကျွဲ၊ နွားတွေကို မရောင်းဝယ် မစားသောက်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ သတိပေးချက်ကို ချိုးဖောက်ရင် အရေးယူသွားမယ်လို့ ဆိုပါတယ်။
ဒီရောဂါဟာ အာဖရိကနိုင်ငံတွေမှာ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ဝန်းကျင်မှာမှ မြန်မာနိုင်ငံကိုရောက်ရှိလာတာပါ။
ရောဂါဖြစ်တဲ့ တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ၊ သန်း၊ လှေး၊ မှက်၊ ခြင်၊ ယင်တို့ကတဆင့် ကူးစက်နိုင်တယ်လို့ သိရပါတယ်။
အထင်ရှာဆုံး လက္ခဏာကတော့ တကိုယ်လုံးမှာ အဖုအကြိတ်တွေ ထွက်တာဖြစ်ပြီး အဖျားတက်တာ၊ အနာရည်တွေကျတာ၊ ကိုယ်တွင်းအကြိတ်တွေရောင်တာ၊ နှာရည်ကျတာ၊ သွားရည်အများကြီးကျတာ၊ အစားပျက်ပြီး စားမြုံ့မပြန်တော့တာတွေ ဖြစ်တတ်ပါတယ်။
သေဆုံးနှုန်းနည်းပြီး ဖြစ်နေတဲ့လက္ခာတွေကို သက်သာအောင်လုပ်ပေးနိုင်သလို စနစ်တကျမပြုစုရင်တော့ သေနှုန်းမြင့်မားပါတယ်။
ဂန့်ဂေါမြို့နယ်ထဲမှာလည်း ကျွဲနွားတွေ သွပ်ရောဂါဖြစ်နေလို့ နယ်ကျော်မရောင်းချကြဖို့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ တတိယပတ်မှာ ကြေညာခဲ့ပါတယ်။