လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၁၈ ရပ်ကွက်က မိသားစုဝင် ၃ ယောက်ကို သတ်ပြီး ရွှေထည်နဲ့ငွေတွေကို လုယက်သွားသူတွေထဲက ပြစ်မှုကျူးလွန်သူ တယောက်ကို စက်တင်ဘာ ၇ ရက်က ဖမ်းမိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ လုယက်မှု ကျူးလွန်သူဟာ ငွေချေးငှားထားပြီး ပြန်လာဆပ်တဲ့ပုံစံနဲ့ လာရောက်ခဲ့ပြီး လူတွေကိုသတ်၊ ပစ္စည်းတွေယူဆောင်သွားတာလို့ ရပ်ကွက်နေသူတယောက်က ဒီဗွီဘီ ကိုပြောပါတယ်။
"အသတ်ခံရတဲ့အိမ်က ငွေတိုးပေးစားတာ။ လုယက်တဲ့သူတွေက ပိုက်ဆံချေးထားတာကို လာပြန်ဆပ်တဲ့ပုံစံ။ ရွှေတွေ ငွေတွေယူသွားတာ။ တယောက်ပဲမိသေးတယ်။ လုတဲ့အထဲ ဘယ်နှစ်ယောက်ပါလဲ တော့မသိဘူး" လို့ ပြောပါတယ်။
အမှတ် ၁၈ ရပ်ကွက်၊ အနန္တသူရိယလမ်းမှာ စက်တင်ဘာ ၄ ရက်က ငွေတိုးပေးသူ ဦးဌေးလွင်၊ ဒေါ်စုလှိုင်ဝင်းနဲ့ အသက် ၉ နှစ်အရွယ် မောင်ဖြိုးမြတ်ကို တို့ကို ဓားနဲ့ထိုးခုတ်သတ်ကာ ရွှေထည်ပစ္စည်း၊ ငွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ယူသွားတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
"တယောက်ပဲမိသေးတယ်။ လတ်တလောတော့ စစ်ဆေးနေဆဲပဲ။ CCTV မှတ်တမ်းအရတော့ နှစ်ယောက်၊ တယောက်ကျန်သေးတယ်" လို့ သူက ရှင်းပြပါတယ်။
လက်တလောမှာ ပြစ်မှုကျူးလွန်သူ ရဲကိုနိုင် ကို သောင်ကြီးမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး ဆက်စပ်တရားခံတွေကိုလည်း ရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။