ဗြိတိန်ဘုရင်မကြီး အယ်လ်လိဇဘတ် ကွယ်လွန်မှု တနှစ်ပြည့်အဖြစ် စကော့တလန်နိုင်ငံရဲ့ ခရက်သီ ကာ့ခ်ဘုရားကျောင်းမှာ အောက်မေ့ဖွယ် အခမ်းအနား တခုကို စက်တင်ဘာ ၈ ရက်က သီးသန့်ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ဗြိတိန်နန်းတက်မှု တနှစ်ပြည့်ခဲ့တဲ့ ချားလ်စ်ဘုရင်နဲ့အတူ ဇနီးဖြစ်သူ ကမ်မီလာတို့ ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ နန်းသက်အကြာရှည်ဆုံးသော ဘုရင်မကြီး အယ်လ်လိဇဘတ်ဟာ နှစ်ပေါင်း ၇၀တိုင် အောင် စိုးစံခဲ့ပြီးနောက် အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ် စက်တင်ဘာ ၈ ရက်တုန်းက စကော့တလန်နိုင်ငံရှိ နွေရာသီ အပန်းဖြေရိပ်သာ တစ်ခုဖြစ်တဲ့ ဘယ်လ်မိုရယ်ရဲတိုက်မှာ ဘုရင်မကြီးရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွား ခဲ့ပါတယ်။
ဆယ်စုနှစ် ၇ ခုကြာ နန်းသက်ကာလအတွင်း အယ်လ်လိဇဘတ်က ဗြိတိန်နိုင်ငံရဲ့ ပြယုဂ် တခု ဖြစ်လာခဲ့သလို ကမ္ဘာ့စင်မြင့်မှာလည်း ကြီးမားတဲ့လွှမ်းမိုးမှု ရှိခဲ့ပါတယ်။
ဘုရင်မကြီးရဲ့ အရိုက်အရာကို ချက်ချင်းဆက်ခံခဲ့တဲ့ ချားလ်ကတော့ ဗြိတိန်အပါအဝင် ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်လိုမျိုး နိုင်ငံပေါင်း ၁၄ နိုင်ငံရဲ့ ဘုရင် တဦး ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ဘုရင်မကြီးရဲ့ ကွယ်လွန်မှုကို အောက်မေ့တဲ့အနေနဲ့ ဗြိတိန်နိုင်ငံတဝန်းမှာ အမြောက် ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။
Source/Photo-Reuters