Home
မြန်မာသတင်း
ဇလွန်တွင် ကလေး ၄ ဦး ရေနစ်သေဆုံး
DVB
·
September 9, 2023
375796472_279879408120966_6208135179863961914_n

ဧရာဝတီတိုင်း၊ ဇလွန်မြို့၊ ဆန်တန်းရပ်ကွက်၊ ဖောင်တော်ချိတ်စေတီအနီး ကမ်းနားမှာ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ကလေး ၄ ယောက် ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

အသက် ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်အရွယ် ယောင်္ကျားလေး  ၃ ယောက်နဲ့ အသက် ၁၃ နှစ် အရွယ်မိန်းကလေး ၁ ယောက် ဖြစ်တယ်လို့ သိရပြီး အဲဒီနေ့ မနက်ပိုင်းက ဆန်တန်းရပ်ကွက်က ဘုန်းကြီးကျောင်း ဥပုသ်နေ့အလှူကို လာကြပြီးအပြန်မှာ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မနက် ၈ နာရီခွဲလောက်မှာ ယောင်္ကျားလေး ၃ ယောက်ဟာ ကမ်းနားအစပ်မှာ ရေဆင်းကူးရင်း ရေနစ်နေခဲ့တာကြောင့် အစ်မဖြစ်သူ ၁၃ နှစ် မိန်းကလေးက ဆင်းကယ်ခဲ့ပြီး သူပါ ရေထဲနစ်မြုပ်သွားတာ ဖြစ်ပါတယ်။ 

အနှိုင်းမဲ့အလင်း ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက “ဥပုသ်နေ့ကို ဘုန်းကြီးကျောင်းမှာ မုန့်ဟင်းခါးလာစားကြရင်း အပြန်မှာ ဖြစ်တာ။ ယောင်္ကျားလေး ၃ ဦးက ရေဆင်းချိုးရင်း နစ်နေတော့ အစ်မဖြစ်သူက ဆင်းကယ်တာ။ သူပါ နစ်သွားတာ။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်တော့ ကလေးတွေက ရေထဲနစ်သွားပါပြီ။ ရေတက်နေတော့ ရေစီးသန်တာလည်း ပါတယ်။ မနေ့က ၁၃ နှစ် မိန်းကလေးနဲ့ ၁၀ နှစ်ကောင်လေး ရုပ်အလောင်းကို ဆယ်လို့ ရခဲ့ပါတယ်” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ မိန်းကလေးငယ် ရုပ်အလောင်းနဲ့ မွန်းလွဲ ၂ နာရီ ၅၁ မိနစ်လောက်မှာ ၁၀ နှစ်အရွယ် ယောင်္ကျားလေး ရုပ်အလောင်းတွေကိုပဲ ဆယ်ယူရရှိခဲ့တာဖြစ်ပြီး ကျန်ကလေး ၂ ယောက်ကိုတော့ ရှာမတွေ့သေးပါဘူး။

ရှာတွေ့ထားတဲ့ ကလေး ၂ ယောက် ရုပ်အလောင်းကို ဗြဟ္မစိုရ်အသင်းယာဉ်နဲ့ ဇလွန်ဆေးရုံရင်ခွဲဌာနကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး မြစ်‌ရေတက်နေချိန်မှာ ကလေးတွေကို ရေဆင်းကူးတာ၊ ရေထဲဆင်းဆော့တာမျိုး မပြုလုပ်စေဖို့ အရပ်ဘက်အသင်းတွေက သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024