စျေးကောင်းမရတာနဲ့ မိုးခေါင်ပြီး အထွက်နည်းတာကြောင့် မြေပဲစိုက် တောင်သူတွေ အဆင်မပြေဖြစ်ပြီး အရှုံးပေါ်တဲ့အထိ ဖြစ်နေပါတယ်။
မြေပဲအတောင့်စျေးနှုန်းဟာ သြဂုတ်က တတင်း ကျပ် ၃၀,၀၀၀ အထိရှိပေမယ့် စက်တင်ဘာ ၈ ရက်နေ့မှာတော့ တတင်းကို ကျပ် ၂၂,၀၀၀ ဖြစ်သွားလို့ ၁ လအတွင်း တတင်းကို ကျပ် ၈,၀၀၀ အထိ ကျသွားပါတယ်။
အောင်လံရှိမြေပဲစိုက်တောင်သူတယောက်က "စျေးကွက်တွေက ဘာတွေဖြစ်နေမှန်း မသိပါဘူး။ တောင်သူတွေရောင်းတဲ့စျေးရော၊ လက်ကားစျေးတွေရော ကျပြီး လက်လီစျေးက ကောင်းနေတာ။ ပထမလက တတင်းကို ၃၀,၀၀၀ ရခဲ့တယ်ဆိုပေမယ့် အခု ၂၃,၀၀၀ လောက်နဲ့ ဝယ်မယ့်သူ မရှိတော့ဘူး။ တချို့ဆို ၂ သောင်းတောင် ရောင်းလို့ မထွက်ဘူးဖြစ်နေတာ။ ကုန်ကျစရိတ်တွေလည်း အရင်နှစ်တွေကထက် ပိုများလာပေမယ့် စျေးမကောင်းတဲ့အပြင် ကျပါကျသွားလို့ ဘယ်တောင်သူမှ အဆင်ပြေတယ်ဆိုတာ မရှိပါဘူး" လို့ပြောပါတယ်။
မြေပဲစိုက်တောင်သူတွေဟာ တဧကကို မြေပဲဆန် ၂ တင်း စိုက်ပျိုးရပြီး နွားချေး၊ မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ လုပ်အားခ စုစုပေါင်း တဧကကို ကုန်ကျစရိတ် ၅ သိန်းလောက် ကုန်ရှိပါတယ်။
မြေနဲ့ ရာသီပေါ်မူတည်ပြီး တဧကကို ပျှမ်းမျှ တင်း ၃၀ ကနေ ၄၅ တင်း အထိ ထွက်ရှိတတ်ပေမဲ့ မကွေတိုင်းနေရာအများစုမှာ အခုနှစ် ထူးထူးခြားခြား မိုးခေါင် နေတာကြောင့် တဧကကို ၈ တင်းကနေ ၁၀ တင်းလောက်အထိပဲ ထွက်လို့ အရှုံးပေါ်နေတယ်လို့ မကွေးက မြေပဲစိုက်တောင်သူတယောက်က ပြောပါတယ်။
"မိုးကသုံးလအတွင်းမှာတောင် ဖွဲဖွဲလေး ၂ ခါလောက်ပဲရွာတာ။ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီတခေါက် မြေပဲတူးတာ အထွက်က ၄ ပုံ ၁ ပုံလောက် လျော့တဲ့အပြင်ကို စျေးက ထပ်ကျသေးတယ်။ တချို့သူတွေဆို မြေပဲ မဥလို့ အခင်းပါ ဖျက်ရတဲ့သူတွေရှိတယ်။ မိုးမြေပဲစိုက်တဲ့တောင်သူတွေ နည်းတာ များတာပဲကွာတာ။ အကုန် အရှုံးပေါ်ကြတယ်။ အစစအရာရာ စျေးနှုန်းမြင့်လို့ စိုက်စရိတ်တွေမြင့်တဲ့အချိန်မှာ အခင်းကဖျက်၊ စျေးကမကောင်းဆိုတော့ ဘာမှတောင်လုပ်ချင်စိတ် မရှိတော့ပါဘူး" လို့ ပြောပါတယ်။
မြေပဲအတောင့်စျေးနှုန်းကျသလို မြေပဲလုံးဆန်စျေးနှုန်းဟာလည်း ၄ ရက်အတွင်း တပိဿာ ကျပ် ၇,၅၀၀ ကနေ ကျပ် ၆,၀၀၀ အထိ ကျဆင်းသွားပါတယ်။
မြေပဲအသစ်တွေပေါလာတာနဲ့ မြေပဲဆီကြိတ်ခွဲသူနည်းလာပြီး ဆီစက်သမားတွေ မြေပဲလုံးဆန် အဝယ်နည်းတာကြောင့် ဈေးကျသွားတာဖြစ်နိုင်တယ်လို့ မြေပဲစျေးကွက် လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။
လက်ရှိမှာ အောင်လံ၊ မကွေး၊ ပြည်၊ မန္တလေးရှိ မြေပဲစိုက်ပျိုးတဲ့ နေရာတွေက မြေပဲဆန်တွေ ထွက်ရှိနေပါတယ်။