စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်ဖြူကျေးရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်စစ်သားတွေကို စက်တင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။
မင်းကင်းမြို့နယ် မောက္ကထော်ချောင်းရိုးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေက မောက္ကထော်ချောင်းရိုးဒေသက ဒေသခံအမျိုးသား ၈ ယောက်ကို ဖမ်းဆီးထားတဲ့အပြင် စက်တင်ဘာ ၇ ရက်နေ့မှာလည်း ပြည်သူတွေရဲ့ စပါးကျီတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (Student’s Revolution Force -SRF) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ Bravo က ဆိုပါတယ်။
"ရှို့ခံရတဲ့အိမ်ကတော့ တော်တော်များတယ်။ စစ်ကြောင်းရှိနေတုန်းဆိုတော့ အတိအကျ မသိရသေးဘူး။ သူတို့က တောင်ဖြူရွာကို ရောက်လာတဲ့အချိန်မှာ လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ မောက္ကထော်ချောင်းရိုးဒေသတလျှောက်ကို ပြန်ပစ်တယ်" လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်စစ်သားတွေက ဖမ်းဆီးထားတဲ့ တောင်ဖြူရွာက ဒေသခံ ၈ ယောက် ကိုလည်း တောင်ဖြူရွာမှာ ခေါ်ဆောင်ထားပြီး ယခုအထိပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။
တောင်ဖြူရွာက စစ်ကောင်စီတပ် စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် ထိခိုက်မှုအသေးစိတ်ကိုမသိရသေးဘဲ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
မောက္ကထော်ချောင်းရိုးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က စတင်ကာ ၃ နာရီနီးပါးကြာ သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။