Home
မြန်မာသတင်း
ရေမြုပ်ပျက်စီးခဲ့သည့်  ဘီးလင်း၊ သထုံက စပါးဧက ၃ သောင်းကျော် ပြန်မစိုက်နိုင်သေး
DVB
·
September 9, 2023
375593515_1386835235510079_1584620730142986021_n

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်မှာ ရေနစ်မြုပ်ခဲ့တဲ့ စိုက်ပျိုးပြီး မိုးစပါးခင်းတွေကို ပြန်လည်စိုက်ပျိုးဖို့ မျိုးစပါးဝယ်ယူလို့မရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လဆန်းပိုင်းကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ ဘီလင်းမြစ်ရေလျှံတာ၊ တောင်ကျချောင်းရေတွေကြောင့် ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်အတွင်းက စိုက်ပျိုးပြီး မိုးစပါး ဧက  ၃ သောင်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့  ပြည်နယ်စိုက်ပျိုးရေးက ထုတ်ပြန်ပါတယ်။ 

လက်ရှိမှာ မျိုးစပါးအခက်ခဲ၊ အောင်ရေရရှိမှုအခြေအနေနဲ့ ကုန်ကျစရိတ် ပိုများလာတာတွေကြောင့် စပါးပြန်မစိုက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။  

သထုံမြို့နယ်က တောင်သူတယောက်က "အခု မျိုးစပါးရဖို့မပြောနဲ့ စားဖို့စပါးတောင် ဝယ်ဖို့မလွယ်ဘူး။ ခုချိန် မျိုးစပါးတတင်း ကျပ် ၃၅,၀၀၀ လောက်စျေးပေးနေရတာတောင် လိုက်ဝယ်လို့ မရဘူး။ ရေကြီးတဲ့အထဲမှာ အများစုက ပျက်စီးသွားလို့ ဝမ်းစာစပါးတောင်ရဖို့မလွယ်ဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။  

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်အတွင်း စိုက်ပျိုးပြီး မိုးစပါး စိုက်ဧက ၆ သောင်းကျော် ရေနစ်မြုပ်ခဲ့ရာ ဧက ၃ သောင်းကျော်ပျက်စီးခဲ့​ပြီး  လက်ရှိမှာ ဓာတ်မြေဩဇာတအိတ်ကို ၂ သိန်းဝန်းကျင်ပေါက်ဈေးရှိပြီး ပြန်လည်ဝယ်ယူဖို့နဲ့ သွင်းအားစု အခက်အခဲတွေနဲ့ လယ်သမားတွေ ရင်ဆိုင်နေရပါတယ်။  

မွန်ပြည်နယ်မှာ မိုးစပါး ဧက ၇ သိန်းလောက် နှစ်စဉ် စိုက်ပျိုးပြီး ဇူလိုင်၊ ဩ​ဂုတ်လ အတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်း၊ သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ မုဒုံမြို့နယ်အတွင်း စပါးစိုက်ခင်း ၁ သိန်းကျော် ရေနစ်မြုပ်ခဲ့တယ်လို့ ပြည်နယ်စိုက်ပျိုးရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024