မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်းက စားသောက်ဆိုင်တခုမှာ စက်တင်ဘာ ၈ ရက် ညပိုင်းက ဂက်စ်အိုးပေါက်ကွဲမီးလောင်ပြီး လူ ၄ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးမီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မောရဂီဝါရပ်ကွက်၊ ၇၃ လမ်းနဲ့ ၇၄ လမ်းကြား၊ ၃၃ လမ်းပေါ်က ဆိုင်ဖွင့်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ မိသားစုစားသောက်ဆိုင်ဖြစ်တယ်လို့ သိရပြီး ည ၉ နာရီခွဲလောက်မှာ ဆိုင်မီးဖိုခန်းက ဂက်စ်အိုးတလုံးကနေ စတင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် အသက် ၂၀ ကျော်အရွယ် စားသောက်ဆိုင်ဝန်ထမ်း အမျိုးသား ၄ ယောက် အရေပြားလန်၊ မီးလောင်ဒဏ်ရာတွေရရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် တယောက်မှာလည်း မစိုးရိမ်ရတဲ့ ခြေထောက်ပြတ်ရှဒဏ်ရာ ရခဲ့ပါတယ်။
ပါရမီလူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “ဂက်စ်အိုးကွဲတာ၊ လူနာက အသက် ၂၀ ကျော် အမျိုးသား ၄ ဦးပါ၊ ဆိုင်က အသစ်၊ ဆိုင်းဘုတ်တောင် မတပ်ရသေးဘူး၊ အရေပြားလန်တာ မီးလောင်တဲ့ဒဏ်ရာတွေ ရရှိထားပါတယ်” လို့ ပြောပါတယ်။
မီးလောင်ရာကို ချမ်းအေးသာစံမြို့နယ် မီးသတ်ယာဉ် ၅ စီး၊ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက်ကယ်ဆယ်ရေးအသင်းယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့ပြီး ၉ နာရီ မိနစ် ၅၀ အချိန်မှာ မီးငြိမ်းသွားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ဆိုင်ဝန်ထမ်း ၄ ယောက်ကို ပါရမီလူမှုကူညီရေးအသင်းယာဉ်၊ မြို့ခံအသင်းယာဉ်တွေနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။