ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်လို့ စစ်သား ၁၀ ယောက်ကျော် သေဆုံး ဒဏ်ရာရခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ပါတယ်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေတာရှည်မြို့နယ်၊ ရွှေသောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂ဝဝ လောက်ကို စက်တင်ဘာ ၇ ရက် ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၂ ယောက်လောက်သေဆုံး၊ ၁ဝ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ ဦးဆောင်တဲ့ သံတောင်မြောက်ပိုင်း အထူးဒေသ NTDF၊ သံတောင်မြောက်ပိုင်းအထူးဒေသ တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင် စစ်ကြောင်းတို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းမင်းသား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဘဏ္ဍာရေးထောက်ပို့ တာဝန်ခံ ကိုဒေါင်းဖြူက ဒီဗွီဘီ ကို ပြောပါတယ်။
"စစ်တပ်အင်အားကတော့ ၂၀၀ ဝန်းကျင်ရှိတယ်ဗျ။ အခုက ရွှေသောင်ရွာသစ်ကို စစ်ကြောင်းထိုးဝင်လာပြီး ဘုန်းကြီးကျောင်းမှာတပ်စွဲတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ဖြစ်တာပါဗျ။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေတာနဲ့ပတ်သက်ပြီး အတည်ပြုတာကတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကိုယ်တိုင် စနိုက်ပါနဲ့ ပစ်ခတ်ချေမှုန်းခဲ့တာပါဗျ" လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ တောင်ငူအခြေစိုက် တောင်ငူလေတပ်စခန်း-တလခ ကနေ ဂျက်ဖိုက်တာ အမျိုးအစားလေယာဉ်နဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်က ရဲဘော် ၁ ယောက်ကျဆုံးတယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးတာနဲ့ပတ်သက်လို့တော့ ဒီဗွီဘီ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာခဲ့ရပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ရွှေသောင်ရွာ ဘုန်းကြီးကျောင်းမှာ ဆက်လက်တပ်စွဲထားပြီးတော့ အင်အားထပ်ဖြည့်နေတာကြောင့် နှစ်ဖက်အပြန်အလှန် စောင့်ကြည့်မှုတွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ရေတာရှည်မြို့အပါအဝင် တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်တဲ့ ပျဥ်းမနား၊ ရေနီ၊ ရေတာရှည်၊ တောင်ငူ၊ ထန်းတပင်၊ မုန်း၊ ဆွာ၊ ဖြူး၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ပိန်းဇလုပ်၊ ရွှေကျင်၊ ဒိုက်ဦး၊ ဝေါ၊ သိမ်ဇရပ်၊ ကျိုက်ထို၊ ဘီးလင်း မြို့တို့ပါဝင်တဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနဲ့ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းကို ၂ဝ၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ကစပြီး ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက မေတ္တာရပ်ခံ တားမြစ်ထားပါတယ်။