Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်တပ်ရိက္ခာပို့ကားများ ဗုံးကြဲတိုက်ခိုက်ခံရ
DVB
·
September 9, 2023
374567566_331789845974105_4077327206529669555_n

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် ရိက္ခာပို့ကားတွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ် ကန်နီကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို စက်တင်ဘာ ၇ ရက် မနက် ၉ နာရီလောက်မှာ မောင်းသူမဲ့လေယာဥ်တွေနဲ့ ဗုံးသီး ၅ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ကန်နီကျေးရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီကားတွေကိုလည်း မနက် ၁၀ နာရီလောက်က ကျောင်းကုန်းကျေးရွာခေါင်းရင်း ကားတွေရပ်ထားတဲ့နေရာတွေကို ဒရုန်းတွေနဲ့ မနားတမ်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကန်နီကျေးရွာကို ညနေ ၅ နာရီခွဲလောက်မှာလည်း မောင်းသူမဲ့ လေယာဥ်ငယ်တွေနဲ့ ဗုံး ၅ လုံးကြဲပြီး ထပ်မံတိုက်ခိုက်ခဲ့ကာ အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီ ရိက္ခာကားတွေပေါ် ဗုံးသီးတွေ တည့်တည့်ကျရောက်ပေါက်ကွဲပြီး အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖရဲ့ ဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Myaing U.A.V Fighter အဖွဲ့၊ မြိုင်ပကဖ တပ်ရင်း-၂၊ တပ်ခွဲ-၂၊ DMG အဖွဲ့၊ ဒေါင်းနီအဖွဲ့၊ မဟူရာအလင်းတန်းအဖွဲ့၊ MPL တိုက်နယ် ၄ ပကဖအဖွဲ့နဲ့ ဗိုလ်လင်းမြွေအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024