ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံဝန်ထမ်းတွေက ဆေးရုံလာတဲ့ လူနာတွေဆီကနေ အလှူငွေလို့ အမည်ခံကာ တရားမဝင် ငွေကြေး တောင်းခံတာတွေ ရှိနေတယ်လို့ ကိုယ်တွေ့ ကြုံရသူတွေက ပြောပါတယ်။
ဆေးရုံပြင်ပလူနာဌာနနဲ့ ကလေးကာကွယ်ဆေးထိုးနှံပေးတဲ့ဌာနတွေမှာ “မည်သူ့ကိုမျှ ငွေကြေးပေးရန်မလိုပါ” ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲထားပေမဲ့ ရုံးဝန်ထမ်းတွေက စာအုပ်မှာ ရေးသားပေးခလို့ဆိုကာ ပိုက်ဆံတောင်းခံနေတာလို့ မေဓာဝီဆေးရုံမှာ သွားရောက် ဆေးကုသမှုခံယူခဲ့တဲ့ လူနာတွေက ပြောပါတယ်။
ပြင်ပလူနာဌာနမှာ ပြသခဲ့သူတဦးက “ဆေးဖိုး၊ ဆေးစစ်ခ၊ စမ်းသပ်ခတို့လို တရားဝင် ပေးရတာမျိုးဆို ပေးရတာ ကျေနပ်ပါတယ်။ အခုဟာက တနင်္လာကနေ သောကြာကို သူတို့သတ်မှတ်ထားတဲ့ အချိန်အတွင်းသွားတာပါ။ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ၊ ရုံးခန်းထဲက ဝန်ထမ်းက စာအုပ်ရေးပေးတယ်။ ပြီးတော့ အလှူငွေဆိုပြီး ပိုက်ဆံတောင်းတယ်။ တယောက် ကျပ် ၁,၀၀၀၊ ၂,၀၀၀ နဲ့ လာသမျှလူ အကုန်ပေးရတာ” လို့ ပြောပါတယ်။
ကလေးမွေးစာရင်းနဲ့ ကာကွယ်ဆေးထိုးနှံပေးတဲ့ ဌာနမှာလည်း ကလေးမွေးစာရင်းကို အမြန်ရမယ်လို့ဆိုကာ မြန်မာကျပ်ငွေ သောင်းဂဏန်းအထိ ပေးနေရတာနဲ့ ကာကွယ်ဆေး ထိုးနှံပေးတဲ့ နေရာမှာ ဆေးထိုးနှံပြီးတိုင်း အလှူခံပုံးထဲ ငွေထည့်ပေးရပါတယ်။
မေဓာဝီဆေးရုံမှာ အရင်က အခုလို ဝန်ထမ်းတွေကို တရားမဝင် ငွေပေးရတာ မရှိခဲ့ဘဲ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အခုလို ဆေးရုံတွေကနေ ငွေတောင်းခံနေတာလို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “၂၀၂၁ မတိုင်ခင်နဲ့ ဘာကွာလဲဆိုတော့ ဝန်ထမ်းဆက်ဆံရေး သိပ်မကောင်းတော့တာနဲ့ ဆေးပစ္စည်းတွေ စရိတ်စက ပိုကြီးလာတာ ရှိတယ်။ အစိုးရဆေးရုံတွေမှာတော့ စာရင်းသွင်းခတွေ၊ ကျန်းမာရေးထောက်ခံချက်တွေကိုတော့ အရင်က ပေးရလေ့မရှိဘူး။ တောင်းရင်လည်း အတိုင်ခံရမှာ။ အခု တိုင်နိုင်တဲ့ နေရာတွေ ဖုန်းနံပါတ်တွေ မထားတော့ဘူး။ နောက်ဆုံး လူနာက DB (သေဆုံး) သွားလို့ ရေခဲတိုက်သယ်ရင်တောင် လှည်းတွန်းတဲ့ဝန်ထမ်းက ပိုက်ဆံတောင်းတယ်” လို့ ပြောပါတယ်။
ငွေကြေးတောင်းခံသူတွေဟာ အဆိုပါဆေးရုံက ဆရာဝန်နဲ့ သူနာပြုတွေကိုယ်တိုင် မဟုတ်ဘဲ ဆေးရုံ ရုံးဝန်ထမ်း၊ အထွေထွေဝန်ထမ်းနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရတဲ့အပြင် ငွေကြေးမပေးတဲ့လူနာဆို အော်ငေါက်တာမျိုးအထိ ရှိနေပြီး အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ မေဓာဝီဆေးရုံကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။