ဒါပေမဲ့ Move Forward ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကြွေးကြော်သံတွေအရ သူတို့က စီးပွားရေးမှာ ကစားကွင်း (Level of playing field) ကို ညီမျှစေခြင်းဖြင့် လူမှုဖူလုံရေး နိုင်ငံတော်တရပ် တည်ဆောက်ဖို့ လျာထားပါတယ်။
ဒုတိယအနိုင်ရ ဖွေ့ထိုင်းပါတီကတော့ ဖွံ့ဖြိုးရေးကို ဦးစားပေးဖို့ဖြစ်ပြီး ဒီအတွက် လှုံ့ဆော်မှု အစီအစဉ်တွေလည်း လုပ်ရပါမယ်။ နှစ်စဉ် GDP ၅ ရာခိုင်နှုန်း တိုးတက်စေဖို့လည်း ဆိုထားပါတယ်။ အရင် ညွန့်ပေါင်းမဟာမိတ် ဖွဲ့မှုတုန်းက အကယ်၍ ဒီပါတီနှစ်ခုသာ အစိုးရဖြစ်လာခဲ့ရင် သဘောထား မတူသူချင်း ပေါင်းရတဲ့ အိမ်ထောင်လို ဖြစ်တော့မှာပဲလို့လည်း ဆိုခဲ့ပါတယ်။ အခုတော့ ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ တခြားမဟာမိတ် ညွန့်ပေါင်းအစိုးရတခု ဖြစ်လာခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် စိန်ခေါ်မှု ပြဿနာတွေကတော့ မပြောင်းလဲသေးဘူး ဆိုနိုင်ပါတယ်။
စီးပွားရေးပညာရှင် ချတ်ချိုင်းက ပထမဦးစားပေး ဖြေရှင်းဖို့လိုအပ်တဲ့ မက်ကရို တစုံလုံးဆိုင်ရာ စီးပွားရေးပြဿနာ စိန်ခေါ်မှု ၄ ခုကို ဖော်ပြပါတယ်။
၁။ အိမ်ထောင်စုတွေရဲ့ ကြွေးမြီ
၂။ အစိုးရကြွေးမြီ
၃။ ငွေပေါ်လွယ်မှုဆိုင်ရာ ပြဿနာ (Liquidity adequacy) နဲ့
၄။ လူနေမှုစရိတ် ကြီးမြင့်နေခြင်းတို့ ဖြစ်ပါတယ်။ စာရေးသူကတော့ တစ်တောက်မြည်နေတဲ့ ‘ချိန်ကိုက်ဗုံး’ တွေလို့ သုံးထားတာပါ။
ပထမဦးဆုံး ဗုံးကတော့ အိမ်ထောင်စုကြွေးမြီ ပြဿနာ (household debt) ဖြစ်ပါတယ်။
အခုအချိန်မှာတော့ အကျပ်အတည်းဆိုက်လုနီး ကြီးလေးတဲ့ပြဿနာ ဖြစ်နေပါပြီ။ တချို့ကတော့ အိမ်ထောင်စုကြွေးမြီတွေက GDP ရဲ့ ၈၆ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောက်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာ ၁၀၀ ရာခိုင်နှုန်းအထက်တောင် ရှိသေးတာပဲ ဆိုချင်သူများလည်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ အခုလို ပြောဆိုသူတွေ ထည့်မတွက်တာက နိုင်ငံအများစုမှာ ရေရှည်၊ အတိုးနှုန်းနိမ့် အိမ်ရာချေးငွေ (mortgage debt) တွေပါ ထည့်သွင်း တွက်ချက်ထားတာပါ။ ဥပမာ ဆွစ်ဇာလန်ဆိုပါစို့၊ အိမ်ထောင်စုကြွေးမြီ အမြင့်ဆုံးနဲ့ GDP ရဲ့ ၁၂၉ ရာခိုင်နှုန်း ရှိနေပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ အိမ်ရာကြွေးမြီအချိုးက GDP ရဲ့ ၁၂၅ ရာခိုင်နှုန်းဖြစ်ပြီး ကျန်ကြွေးမြီက ၅ ရာခိုင်နှုန်းပဲ ရှိတာပါ။ ထိုင်းနိုင်ငံမှာတော့ အိမ်ရာချေးငွေ မပါဘဲ ကျန်အိမ်ထောင်စု ကြွေးမြီအချိုးက GDP ရဲ့ ၆၀ ရာခိုင်နှုန်း ရှိနေတာပါ။
၂၀၃ ခုနှစ် University of Thai Chamber of Commerce က လုပ်ထားတဲ့ စစ်တမ်းတခုအရ ဝင်ငွေနည်းလုပ်သားတွေက တလမှ ဘတ် ၁၅,၀၀၀ ထက် လျော့နည်းရကြပါတယ်။ စစ်တမ်းအရ သူတို့အကြွေးရာခိုင်နှုန်းက အရင်နှစ်ကထက်ကို ၂၅ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်မားလာနေပါတယ်။ ကိုဗစ်ပြီးကတည်းက အလုပ်အကိုင်ရရှိမှု တိုးတက်လာပါတယ်။ ဒါပေမဲ့ အခု အိမ်ထောင်စုတွေမှာ ငွေချေးယူကြသူတွေက ၄၁ ဒသမ ၄ ရာခိုင်နှုန်းကို စားသုံးမှုအတွက် ချေးယူတာ၊ ၂၁ ဒသမ ၆ ရာခိုင်နှုန်းကို အရင်ကြွေးဟောင်း ပြန်ဆပ်ဖို့ ချေးယူကြတာလို့ ဆိုပါတယ်။
ဒါဆိုရင် ချေးငွေတွေက ဘယ်ကနေလာမလဲ။ ဘဏ်တွေကလည်း ငွေရှားပါးနေပြီး စားသုံးသူတွေအတွက် နောက်ထပ် မချေးပေးလိုကြပါဘူး။ ဒါဆိုရင် နောက်ချေးငွေတွေကို အတိုးနှုန်း ဘယ်လိုဖြစ်ဖြစ်၊ ဘယ်လောက်အခြေအနေဆိုးတဲ့ ချေးငွေဖြစ်ဖြစ် ဘဏ်မဟုတ်တဲ့ ငွေချေးတဲ့နေရာတွေက ရယူကြရမှာပါ။ ဘဏ်တွေကနေ အိမ်ထောင်စုတွေအပေါ် ချေးပေးငွေ (Bank loans) တွေက ၂၀၂၂ ခုနှစ် တတိယ ၃ လပတ်မှာ ၁၁၇ ဘီလီယံဘတ်ကနေ ၂၀၂၂ စတုတ္ထ ၃ လပတ်မှာ ၁၅ ဒသမ ၆ ဘီလီယံဘတ် ကျဆင်းလာပါတယ်။ အဲဒီအချိန်မှာ ဘဏ်မဟုတ်တဲ့ နေရာတွေက ချေးငွေတွေက တတိယ ၃ လပတ်မှာ ၃၃ ဒသမ ၈ ဘီလီယံ ဘတ်ကနေ စတုတ္ထ ၃ လပတ်မှာ ၁၅၅ ဒသမ ၁ ဘီလီယံဘတ် မြင့်လာခဲ့ပါတယ်။ ဒီအခါ ဘာဖြစ်မလဲ။ စားသုံးသူ ငွေကြေးထောက်ပံ့မှုစနစ် (consumer finance system) တခုလုံး ပြိုလဲနိုင်ပါတယ်။
ဒုတိယဗုံးကတော့ အစိုးရကြွေးမြီ (public debt) ပါ။
မတ် ၂၀၂၃ မှာ ထိုင်းရဲ့ တရားဝင်အစိုးရ ကြွေးမြီက ၁၀ ဒသမ ၈ ထရီလီယံဘတ် ရှိနေပါတယ်။ GDP ရဲ့ ၆၁ ဒသမ ၂ ရာခိုင်နှုန်းပါ။ နိုင်ငံတော်ငွေကြေးနဲ့ ဘဏ္ဍာရေးစည်းမျဉ်း ဥပဒေက ၇၀ ရာခိုင်နှုန်း သတ်မှတ်ထားတော့ အဲဒီထက်တော့ နိမ့်နေပါသေးတယ်။ သဘောကတော့ အစိုးရ လုပ်သာကိုင်သာနေရာ နည်းနည်းရှိပါသေးတယ်။ ဒါပေမဲ့ ဖုံးကွယ်ထားတဲ့ လာမယ့် အသုံးစရိတ် ၂ ခုကြောင့် အဲဒီဘောင်အထက်တော့ ကျော်နေပြီလို့ စာရေးသူက ဆိုပါတယ်။
ပထမတခုက စိုက်ပျိုးရေးနဲ့ သမဝါယမဘဏ် (BAAC) ရဲ့ စိုက်ပျိုးထွက်ကုန်ဈေးနှုန်း ပံ့ပိုးပေးရေး ကုန်ကျစရိတ်တွေကို တခြားဘဏ်တွေနဲ့ အစိုးရဌာနတွေမှာ ဝှက်ထားပါတယ်။ နောက် အသေးစားလုပ်ငန်း (SME) ချေးငွေအာမခံ အစီအစဉ်အတွက် စရိတ်တွေက အစိုးရ ငွေစုငွေချေးဘဏ် (GSB) နဲ့ ကိုဗစ်အတွက် ကြိုတင်ထုတ်ပေးငွေ အစီအစဉ်စရိတ်တွေက လူမှုဖူလုံရေးရန်ပုံငွေ (Social Security fund) စသည်ဖြင့်မှာ ပုန်းနေကြပါတယ်။ အဲသလို ဖုံးကွယ်ထားတဲ့ ငွေတွေက GDP ရဲ့ ၇ ရာခိုင်နှုန်း (ဘတ်အားဖြင့် ၁ ဒသမ ၂၄ ဘီလီယံ) ရှိပြီး သုံးထားပြီးသားပါ။
နောက်တချက်က ဘဏ်ဂျက်နှစ်က စက်တင်ဘာမှ ကုန်ပါမယ်။ ခုအခါမှာ အစိုးရသစ် တက်လာတော့ အစိုးရသစ်က ဘတ်ဂျက်ဥပဒေအရ ဘတ်ငွေ ၄၀၀ ဘီလီယံ (GDP ရဲ့ ၂ ဒသမ ၄ ရာခိုင်နှုန်း) ကို ချေးယူသုံးစွဲခွင့် ရှိပါတယ်။ ဒီအခါ အစိုးရကြွေးမြီ ပိုမြင့်မားလာမှာ အမှန်ပါပဲ။
အစိုးရသစ်က ရွေးကောက်ပွဲ ကတိကဝတ်တွေ ရှိပါတယ်။ ဥပမာ ဖွေ့ထိုင်းပါတီက အရွယ်ရောက်သူ လူတဦးကို ဘတ် ၁၀,၀၀၀ ပေးမယ့် အွန်လိုင်းအသုံးစရိတ် (Digital wallet) အစီအစဉ် ရှိနေပါတယ်။ ဒါတွေ အကောင်အထည်ဖော်ပေးဖို့ ခက်ခဲနိုင်ပါတယ်။ အစိုးရက ကြွေးမြီခေါင်မိုးကို ထပ်မြှင့်နိုင်ပါသေးတယ်။
တတိယစောင့်နေတဲ့ ချိန်ကိုက်ဗုံးကတော့ ငွေလည်ပတ်နိုင်မှု (ငွေဖော်နိုင်မှု) အကန့်အသတ်ပါ။ (liquidity constraint)
ဆိုချင်တာက အစိုးရနဲ့ စီးပွားရေးလုပ်ငန်းဆောင်တာတွေအတွက် ငွေဖြည့်သွင်းပေးမယ့် လုံလောက်တဲ့ ငွေကြေးထောက်ပံ့ပေးမှု (inadequate money supply) ဖြစ်ပါတယ်။ “ငွေကြေးဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ပါဘူး။” အချို့ကတော့ ငွေလည်ပတ်နိုင်မှု ပြဿနာဆိုတာက သူ့အလိုလို ပြေလည်သွားမယ် ထင်နေတတ်တာမျိုးပါ။
ချတ်ချိုင်းရဲ့ ခန့်မှန်းတွက်ချက်မှုအရ ထိုင်းနိုင်ငံ ငွေကြေးစနစ်ဟာ လ ၂၀ ဆက်တိုက် ငွေလည်ပတ်မှု အလွန်လိုနေတဲ့ ပြဿနာ (negative excess liquidity) ရှိနေပါတယ်။
၂၀၂၃ ခုနှစ် မတ်လမှာ ထိုင်းနိုင်ငံ ငွေဖော်နိုင်မှု လိုအပ်ချက် (negative excess liquidity) က ဘတ် ၅၂၈ ဒသမ ၄ ဘီလီယံ ရှိနေခဲ့ပါတယ်။ အဓိကအကြောင်းကတော့ အိမ်နီးချင်းနိုင်ငံတွေထက်စာရင် ထိုင်းစီးပွားရေး တိုးတက်မှုက နှေးကွေးနေပါတယ်။ အစိုးရသစ်က လိုအပ်တဲ့ငွေကြေးကို ဘယ်ကယူ ထောက်ပံ့ပေးနိုင်မယ်ဆိုတာ ခက်ခက်ခဲခဲ ရှာရပါလိမ့်မယ်။
နောက်ဆုံး ချိန်ကိုက်ဗုံးကတော့ လူနေမှုစရိတ်တွေ ကြီးမြင့်နေတာပါ။
ထိုင်းနိုင်ငံမှာ GDP တိုးတက်လာလို့ လိုက်ပြီး လူတွေဝင်ငွေက မြင့်တက်လာတာ မဟုတ်ပါဘူး။ လစာမြင့်တက်တာက လူနေမှုစရိတ် မြင့်တက်တာထက်ကို နောက်ကျနေပါတယ်။ (မြန်မာပြည်က ကိုယ်ချင်းစာပါရဲ့) ဒီအခါမှာ ငွေချေးဖို့ လိုအပ်လာပါတယ်။ ဧပြီ ၂၀၂၃ မှာ ငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၇ ရာခိုင်နှုန်းလို့ ဆိုထားတာလောက်နဲ့ ပျော်မနေသင့်ပါဘူး။
၂၀၂၂ ဧပြီမှာ ငွေကြေးဖောင်းပွမှုက ၅ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးရောက်ခဲ့ပါတယ်။ စားသုံးသူတဦးအတွက် ပျမ်းမျှ ကုန်ဈေးနှုန်း မြင့်တက်လာမှုက ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။ (၂ ဒသမ ၇ + ၅ ဒသမ ၉) ဝင်ငွေမြင့်လာတဲ့ နှုန်းထက်တော့ ပိုများနေပါတယ်။ ဒီပြဿနာက ရှင်းကို ရှင်းရမှာပါ။
အစိုးရသစ်က ပြဿနာ ဘာမှမရှိတဲ့ ‘ပြောင်ရှင်းနေတဲ့ ကျောက်သင်ပုန်း’ မျိုးတော့ မဟုတ်ပါဘူး။ စမလာခင်ကတည်းက ပြဿနာတွေ ရှိနေပြီးသားပါ။ ဒီအခါ ရွေးကောက်ပွဲက ကတိကဝတ်တွေကို ဘယ်လို ဖြည့်ဆည်း အကောင်အထည်ဖော်ကြမှာပါလဲ။
အောင်သူငြိမ်း