တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေကို လိုက်နာသရွေ့ ဘယ်နိုင်ငံမဆိုရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ကြိုဆိုပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ကုမ္ပဏီတွေကို ကန့်သတ်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံပိုင် အဖွဲ့အစည်းတွေမှာ iPhone တွေကို ပိတ်ပင်ထားကြောင်း အမေရိကန် လွှတ်တော်အမတ် တဦးရဲ့ ပြောကြားချက်နဲ့ ပတ်သက်တဲ့ မေးခွန်းကို ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ချ ပြောဆိုသွားတာပါ။
“တရုတ်နိုင်ငံဟာ ပြင်ပကမ္ဘာကို တံခါးဖွင့်ရာမှာ အဆင့်မြှင့်တင်ဖို့ အမြဲတမ်း စိတ်ပိုင်းဖြတ်ထားကြောင်း၊ ဘယ်နိုင်ငံမှမဆို ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေဟာ တရုတ်ရဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသရွေ့ တရုတ်ဈေးကွက်ကို ဝင်ရောက်လာဖို့ ကြိုဆိုပါကြောင်း” မော်နင်က ပြောပါတယ်။
ဒါဟာ တရုတ်စီးပွားရေးလုပ်ငန်းတွေကို ဖိနှိပ်ချုပ်ချယ်ဖို့အတွက် လုံခြုံရေးအယူအဆလို့ သုံးနှုန်းခေါ်ဝေါ်တဲ့ နိုင်ငံတချို့ရဲ့ ခွဲခြားဆက်ဆံတဲ့ အလွဲသုံးစားလုပ်မှုနဲ့တော့ အခြေခံအားဖြင့် ကွဲပြားပါတယ်လို့လည်း ဆိုပါတယ်။
တရုတ်အစိုးရဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း နိုင်ငံ့ဝန်ထမ်းတွေရဲ့ iPhone အသုံးပြုမှုဆိုင်ရာ တားမြစ်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး တချို့ဗဟိုအစိုးရဌာနတွေက ဝန်ထမ်းတွေကို လုပ်ငန်းခွင်အတွင်းမှာ သူတို့ရဲ့ အမေရိကန် အက်ပဲလ်ထုတ် မိုဘိုင်းဖုန်းတွေ သုံးစွဲမှုကို ရပ်တန့်လိုက်ဖို့ ပြောထားပါတယ်။
Source/Photo-Reuters