မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်းနဲ့ ၁၀၇(ဒီ) လမ်းထောင့်က ဓာတ်တိုင်မီးကြိုးကို စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက တက်ခိုးတဲ့ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးသွားပြီး ကျန်တယောက်ကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက်အစောပိုင်း ၂ နာရီခွဲကျော်က ဓာတ်လိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပြီး မီးကြိုးတက်ခိုးသူတွေဟာ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ အသက် ၃၀ အရွယ်ရှိ ဇာနည်ဖြိုးနဲ့ ခန့်ကိုကိုတို့ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “မီးကြိုးကို တိုင်ပေါ်တက်ပြီး ပလာယာနဲ့ဖြတ်တဲ့ တယောက်က ဓာတ်လိုက်ပြီး ပြုတ်ကျတာ။ ခိုးတာက နှစ်ယောက်၊ တယောက် အလောင်းပါ။ မန္တလေးဆေးရုံကြီး ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။
ဓာတ်တိုင်ပေါ်ကို ဇာနည်ဖြိုးက တက်ရောက်ပြီး ပလာယာနဲ့ မီးကြိုးတွေ ဖြတ်တောက်နေချိန် ဓာတ်လိုက်ကာ အောက်ကို ပြုတ်ကျသေဆုံးသွားတာဖြစ်ပြီး အောက်ကနေ လူစောင့်ပေးခဲ့တဲ့ ခန့်ကိုကိုကတော့ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်။
ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တာကို ရပ်ကွက်နေသူတွေက သိရှိခဲ့ရာမှ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာကြောင့် မီးကြိုးခိုးယူမှုမှာ ပါဝင်သူ ခန့်ကိုကို ဖမ်းဆီးခံခဲ့ရပြီး သေဆုံးသူရုပ်အလောင်းကို နှလုံးလှဖြူစင် နာမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ကျေးရွာ၊ လျှပ်စစ်ထရန်စဖော်မာပုံးက မီးကြိုးတက်ခိုးသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦး ဓာတ်လိုက် သေဆုံးခဲ့ပါတယ်။