ထိုင်းနိုင်ငံဟာ ကမ္ဘာ့မြေစူးစမ်းလေ့လာရေးမစ်ရှင် လုပ်ဆောင်ဖို့အတွက် အာကာသထဲကို Thailand Earth Observation Satellite 2 (Theos 2) ဂြိုဟ်တုကို အောက်တိုဘာလထဲမှာ လွှတ်တင်ဖို့ စီစဥ်ထားတယ်လို့ The Straits Times သတင်းစာမှာ စက်တင်ဘာ ၇ ရက်က ဖော်ပြထားပါတယ်။
ပြင်သစ်နိုင်ငံ တူးလော့စ်မြို့မှာ Theos 2 ဂြိုဟ်တု တီထွင်ပြီး အောင်မြင်စွာ စမ်းသပ်ပြီးနောက် တောင်အမေရိက ဖရန့်ဂွါနီရားနားရှိ ဥရောပအာကာသဆိပ်ကမ်းကို အောင်မြင်စွာ လွှဲပြောင်းပေးခဲ့ပါတယ်။ အဆိုပါဂြိုဟ်တုကို အောက်တိုဘာလမှာ အာကာသထဲ လွှတ်တင်သွားမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပထမဆုံးဂြိုဟ်တု Theos 1 ကို ၂၀၀၈ အောက်တိုဘာ ၁ ရက်က လွှတ်တင်ခဲ့ပြီး သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် နောက်ထပ် ဂြိုဟ်တုတလုံးဖြစ်တဲ့ Theos 2 ကို ထပ်မံလွှတ်တင်သွားမှာ ဖြစ်ပါတယ်။
Theos 2 ကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အာကာသနည်းပညာနဲ့ ပထဝီဝင် သတင်းအချက်အလက်ဆိုင်ရာ တိုးတက်မှုနဲ့ အသုံးချသွားမှာ ဖြစ်ပါတယ်။
၄၂၅ ကီလိုဂရမ်ရှိတဲ့ Theos 2 ဂြိုဟ်တုဟာ နိုင်ငံအတွင်းနဲ့ ပြင်ပ ပထဝီဝင်ဆိုင်ရာ စောင့်ကြည့်မှုတွေအတွက် ဒီဇိုင်းထုတ်ထားပြီး ၅၀ စင်တီမီတာရှိတဲ့ spatial resolution နဲ့ ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ပါတယ်။
Theos 2 ဂြိုဟ်တု လွှတ်တင်မှုကြောင့် မြေပုံဆွဲတာ၊ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေး၊ ပေါင်းစပ်ရေ စီမံခန့်ခွဲမှု၊ သဘာဝဘေးအန္တရာယ်နဲ့ ပထဝီဝင်အန္တရာယ် စီမံခန့်ခွဲမှု၊ မြို့ပြနဲ့ စီးပွားရေးစင်္ကြံ စီမံကိန်း၊ သဘာဝသယံဇာတနဲ့ ဂေဟစနစ် စတဲ့ အရေးကြီးနယ်ပယ် ခြောက်ခုမှာရှိတဲ့ ဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးနိုင်တော့မှာဖြစ်တယ်လို့ စင်ကာပူသတင်းစာမှာ ဖော်ပြထားပါတယ်။
Source/Photo-The Straits Times