အမေရိကန်ပြည်ထောင်စုဟာ အင်ဒို-ပစိဖိတ်ဒေသမှာ ရုရှားကို သီးခြားခွဲထုတ်ထားဖို့နဲ့ တရုတ်ကိုဟန့်တားဖို့ ရည်ရွယ်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က စက်တင်ဘာ ၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး လာ့ဗရော့ဗ်ဟာ ဂျကာတာမှာ အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက်မှာ ကြာသပတေးနေ့ နှောင်းပိုင်းက ဒါကာကို ၂ ရက်ကြာ ခရီးစဉ်အတွက် ရောက်ရှိလာခဲ့တာပါ။
“အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ သူတို့ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို အသုံးပြုပြီးတော့ သူတို့ရဲ့အကျိုးစီးပွားကို မြှင့်တင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒါတွေအားလုံးဟာ ဝါရှင်တန် ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ နေတိုးချဲ့ထွင်မှု လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းပါပဲ” လို့လည်း လာ့ဗရော့ဗ်က ပြောပါတယ်။
“ယူကရိန်းအရေး ဆိုတဲ့အပေါ် အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအားလုံးအပေါ် မကြုံစဘူး ဖိအားတွေပေးခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် မိတ်ဆွေတွေကတော့ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို အမျိုးသားအကျိုးစီးပွားအတွက် သီးသန့် လမ်းညွှန်ထားတာ ဖြစ်တဲ့အတွက် အဲဒါကို ကျေးဇူးတင်နေပါတယ်” လို့လည်း လာ့ဗရော့ဗ်က ပြောပါတယ်။
ရုရှားနဲ့ အနောက်နိုင်ငံ နှစ်ဖက်စလုံးဟာ ယူကရိန်းစစ်ပွဲမှာ ဘက်နှစ်ဖက်မှာ ပါဝင်ဖို့ တွန့်ဆုတ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုရဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာလည်း လောင်စာဆီနဲ့ စားနပ်ရိက္ခာ တင်သွင်းမှုစရိတ်စက မြင့်မားနေတဲ့ကြားက ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ G20 အစည်းအဝေး တက်ရောက်ပြီးရင် လာမယ့် သီတင်းပတ်မှာ ဒါကာကို သွားရောက်မှာဖြစ်ပြီး စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေဖို့ ရည်မှန်းထားပါတယ်။
Source/Photo-Reuters