တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း ၇ နည်း ဝင်ရောက်ယှဥ်ပြိုင်သွားမယ်လို့ စစ်ကောင်စီရဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲမှာ ဘောလုံး၊ ဝူရှူး၊ ရိုးရာလှေ၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်နဲ့ E-Sport အားကစားပြိုင်ပွဲတွေမှာ ဝင်ယောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အားကစားဝန်ကြီးဌာနက အားကစား ၇ မျိုးမှ ကစားသမား ဘယ်နှစ်ယောက်ယှဥ်ပြိုင်မယ် ဆိုတာကို ထုတ်ပြန်ထားခြင်း မရှိပေမဲ့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတခုဖြစ်တဲ့ ဆင်ဟွာကတော့ အားကစား ၇ မျိုးမှာ အမျိုးသား ၆၃ ဦးနဲ့ အမျိုးသမီး ၄၈ ဦး စုစုပေါင်း ၁၁၈ ဦး ဝင်ရောက် ယှဥ်ပြိုင်သွားမယ်လို့ ဖော်ပြထားပါတယ်။
၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်မှာ ကျင်းပရမှာဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခုနှစ်ကို ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဝင်ရောက်ယှဥ်ပြိုင်မယ့် အားကစား ၇ မျိုးက ဝူရှူး၊ ပိုက်ကျော်ခြင်းနဲ့ ရိုးရှာလှေ အားကစားနည်းတို့ဟာ မေလမှာကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ ၂၀၁၈ ခုနှစ်က အင်ဒိုးနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုနှစ်ခုသာ ရရှိပြီး နိုင်ငံလိုက် အဆင့် ၃၅ ရရှိခဲ့ပါတယ်။
၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိ အားကစားနည်း ၄၀ မှ ပြိုင်ပွဲအမျိုးအစား ၄၈၁ မျိုးနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Photo-Reuters