မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ ပထမဆုံး စစ်ဆင်ရေးသုံး နည်းဗျူဟာကျ နျူးကလီးယားတပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို စတင်ရေချလိုက်ကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်ကြား ရေပြင်မှာ ကင်းလှည့်တဲ့ ရေတပ်မှာ တာဝန်ပေးအပ်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က စက်တင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီရေငုပ်သင်္ဘောကို မြောက်ကိုရီးယား သမိုင်းဝင် သူရဲကောင်းတယောက်ကို အစွဲပြုပြီး ဟီးရိုး ကင်မ်ကွန်အုခ်လို့ အမည်ပေးထားပါတယ်။
KCNA က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ အဆင့်မြင့်အရာရှိကြီးတွေဟာ စက်တင်ဘာ ၆ ရက်က ဖွန်းဒယ်သင်္ဘောကျင်းကနေ ဟီးရိုး ကင်မ်ကွန်အုခ် အမည်ရှိ ရေငုပ်သင်္ဘောအမှတ် ၈၄၁ လွှတ်တင်ခြင်းအခမ်းအနားကို တက်ရောက်ကြည့်ရှုနေခဲ့ကြတာပါ။
ရေတပ်ကို နျူးကလီးယားလက်နက်တွေ တပ်ဆင်ပေးရေးဟာ အရေးတကြီး တာဝန်တရပ် ဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပြီး နည်းဗျူဟာမြောက် နျူးကလီးယား လက်နက်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေနဲ့ စစ်ရေယာဉ်တွေကို ရေတပ် တပ်ဖွဲ့တွေဆီကို လွှဲပြောင်းပေးမယ်လို့ ကတိပြုခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။
ရေငုပ်သင်္ဘောသစ်မှာ ဘာဒုံးကျည်အမျိုးအစားတွေ တပ်ဆင်ထားတယ်ဆိုတာကို ချက်ချင်း မသိရသေးပါဘူး။
မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် SLBMs တွေကို ပစ်လွှတ်တဲ့ ရေငုပ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကနေ ပစ်လွှတ်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေ အများအပြားကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
Source/Photo-Reuters