မကွေးတိုင်း၊ ပခုက္ကူမြို့က ရေဘေးသင့်ပြည်သူတွေဟာ အခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ အကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေထံက သိရပါတယ်။
စက်တင်ဘာ ၃ ရက်ကတည်းက ဆင်ပေါက်လှချောင်းရေ အရှိန်မြင့်စွာ ကျဆင်းလာတဲ့အတွက် ပခုက္ကူမြို့ အမှတ် ၁၅ ရပ်ကွက်က ရပ်ကွက်နေပြည်သူတွေ ရေဘေးသင့်ခဲ့ရပါတယ်။
ဆင်ပေါက်လှချောင်း ကမ်းပါး ကျူးကျော်ရပ်ကွက်မှာရှိတဲ့ နေအိမ် ၃၇ လုံး ရေမျောပျက်စီးခဲ့ပြီး အိမ်ထောင်စု ၂၀၀ ကျော် ရေဘေးသင့်ခဲ့ရပါတယ်။
ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတွေဟာ အမှိုက်ကောက်ပြီး စားဝတ်နေရေး ဖြေရှင်းနေရသူတွေ ဖြစ်တဲ့အတွက် နေအိမ်ပြန်ဆောက်ဖို့ အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေဟာ ပခုက္ကူမြို့ အမှတ် ၁၅ ရပ်ကွက် အနာကြီးရောဂါသည် ဓမ္မာရုံမှာ နေထိုင်နေကြရပြီး ပရဟိတအသင်းတွေက စားရေးသောက်ရေး ကူညီပေးထားကြတယ်လို့ ပရဟိတအသင်းထံက သိရပါတယ်။
ဟိန်းသုခ ပရဟိတအသင်း တာဝန်ရှိသူက “ရေကျချိန်က မနက် ၁၀ နာရီလောက်ဆိုတော့ အိမ်ကလူတွေက အလုပ်သွားနေလို့ ဘာထိခိုက်မှုမှ မရှိသွားဘူး။ သူတို့က အိမ်ပြန်ဆောက်ဖို့လည်း အဆင်မပြေကြဘူး။ ဆောက်နိုင်ခဲ့ရင်တောင်မှ ရေက ထပ်ကျရင် ထပ်ပျက်စီးမှာပဲ။ ကျနော်တို့ကတော့ အလှူခံပြီး တန်ဖိုးနည်းမြေကွက်လေးတွေ ဝယ်ပေးဖို့ စဉ်းစားထားပါတယ်” လို့ ပြောပါတယ်။
မနှစ်ကလည်း ဆင်ပေါက်လှချောင်းရေကျမှုကြောင့် အမှတ် ၁၅ ရပ်ကွက်က နေအိမ် ၁၁ လုံး ရေထဲမျောပါခဲ့ပြီး မိသားစု ၄ ဦး သေဆုံးခဲ့ပါတယ်။