မြန်မာဘောလုံးအသင်းကို ကမ္ဘာ့အဆင့်ရပ်တည်ချက် ပြန်မြင့်တက်လာအောင် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက နီပေါအသင်းနဲ့ မကစားမီ စက်တင်ဘာ ၇ ရက်က ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ စက်တင်ဘာ ၈ ရက်နဲ့ ၁၁ ရက်တို့မှာ ကစားမယ့် နီပေါလက်ရွေးစင်အသင်းနဲ့ ဖီဖာ နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
နီပေါအသင်းနဲ့ကစားမယ့် ခြေစမ်းပွဲနှစ်ပွဲဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမဆင့်အဖြစ် မကာအိုနဲ့ ယှဥ်ပြိုင်ရမယ့် ပွဲစဥ်အတွက် ကြိုတင်ပြင်ဆင်ခွင့်ရမယ့် အခွင့်အရေးကောင်းတခု ဖြစ်တယ်လို့ မြန်မာနည်းပြ ဖက်ချ်တန်ဘိုင်နာက ပြောပါတယ်။
နည်းပြ ဖက်ချ်တန်ဘိုင်နာက “ကျနော်ကိုင်ခဲ့တဲ့ ၆ လအတွင်းမှာ မြန်မာအသင်းဟာ တဖြည်းဖြည်း တိုးတက်လာသလို ဒီထက်ပိုကောင်းအောင်လည်း ကြိုးစားသွားပါမယ်။ ကျနော့်လက်ထက်မှာ မြန်မာအသင်းဟာ ခြေစွမ်းတိုးတက်လာဖို့၊ နိုင်ပွဲတွေရရှိဖို့နဲ့ ကမ္ဘာ့အဆင့် ရပ်တည်ချက် ပြန်မြင့်တက်လာဖို့ ရည်မှန်းချက်ထားပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်ကလည်း ကစားသမားတွေ အချိတ်အဆက် မိနေပြီဖြစ်လို့ နီပေါအသင်းနဲ့ပွဲမှာ အသင်းရဲ့ခြေစွမ်း အခုထက်ပိုကောင်းအောင် ကစားနိုင်မယ်လို့ မျှော်လင့်ကေြာင်း ပြောပါတယ်။
မြန်မာအသင်းဟာ နီပေါအသင်းနဲ့ ပထမခြေစမ်းပွဲအဖြစ် ဒီနေ့ညနေ ၅ နာရီ သုဝဏ္ဏကွင်းမှာ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-MFF