ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ရန်ကုန်ဆေးရုံသစ်နဲ့ လမ်းမတော်ဘူတာအနီး ညောင်ပင်တပင်မှာ စက်တင်ဘာ ၇ ရက်က ဆွဲကြိုးချ သေဆုံးနေတဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
ညောင်ပင်ပေါ်ကနေ တယ်လီဖုန်းကေဘယ်လ်ကြိုးနဲ့ ဆွဲကြိုးချသေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို မွန်းတည် ၁၂ နာရီလောက်မှာ ပရဟိတအသင်းတခုက တွေ့ရှိခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာနဲ့ မြို့ခံအသင်းတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
လင်းလက်ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက “ဖြစ်တာက မင်းရဲကျော်စွာလမ်းပေါ်က ညောင်ပင်မှာပါ၊ ဒဂုံမြို့နယ်ထဲမှာ။ ကွန်ပေါင်းလုပ်ထားတဲ့ ဖုန်းကြိုးနဲ့ ဆွဲကြိုးချထားတဲ့ ပုံပါ။ ဆေးရုံပို့ပေးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ ပန်းရောင် အင်္ကျီလက်ရှည်နဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ထားတဲ့ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားတဦးဖြစ်တယ်လို့ သိရပြီး တခြားပြင်ပ ဒဏ်ရာတွေ ရတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
သေဆုံးသူရုပ်အလောင်းကို ကျောက်တံတား အရန်မီးသတ်တပ်ဖွဲ့က သယ်ယူပေးခဲ့ကာ ဟက်ပီးတက္ကစီအသင်းနဲ့ လင်းလက်လူမှုကယ်ဆယ်ရေးအသင်းတို့က ရန်ကုန်ပြည်သူ့ဆေးရုံ ရင်ခွဲ ဌာနကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး နာမည်နဲ့ လိပ်စာကို အတည်ပြုဖို့ သက်ဆိုင်ရာရဲစခန်းက စုံစမ်းနေဆဲဖြစ်ပါတယ်။